Thursday, July 23, 2020

NLD အမတ်လောင်းများအား သစ္စာရှိမှု၊အတွေ့အကြုံရှိမှု စသောအချက်နှစ်ချက်နဲ့ ကိုက်ညီတဲ့သူတွေကိုရွေးချယ်ခဲ့တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ သစ္စာရှိမှုနဲ့အတွေ့အကြုံရှိမှု နှစ်ချက်ကို အဓိကထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါဟာ အဖွဲ့ချုပ်ရဲ့ သမိုင်းနဲ့ အတွေ့အကြုံအရ အရေးကြီးတယ်ဆိုတာကို သေချာသိရလို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။
NLD ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အတွေ့အကြုံဟာ အမြဲပဲ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတာဖြစ်ပြီး ပြိုင်ဆိုင်ရမှုမှာလည်း ၁၀၀ ရာခိုင်နှုန်း တာဝန်ယူမှုရှိပေမယ့် အခွင့်အရေးကတော့ ၇၅ ရာခိုင်နှုန်းသာရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
အခုလို တစ်ရာ ရာခိုင်နှုန်းတာဝန်ယူပေမယ့် အခွင့်အရေး ၇၅ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဖို့ကြိုးပမ်းတာဟာလည်း စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ပြည်သူတွေရဲ့အခွင့်အရေးနဲ့ တာဝန်တွေခိုင်ခိုင်မာမာရှိအောင် အဖွဲ့ချုပ်ကိုထူထောင်ရတဲ့ အဓိက ရည်မှန်းချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ်စားလှယ်ဟောင်းတွေရော အသစ်လျှောက်ထားသူတွေကိုပါ ကျေးဇူးတင်ကြောင်းနဲ့ အဖွဲ့ချုပ်အပေါ်မှာ ယုံကြည်မှုရှိလို့ ခုလို ဝင်အရွေးခံကြတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဖွဲ့ချုပ်ဖြတ်သန်းခဲ့တဲ့လမ်းဟာ ကြမ်းတမ်းရှည်လျားပြီး အခုထိ လမ်းဆုံးကို မရောက်သေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ အနေနဲ့ အဖွဲ့ချုပ်ဝင်တွေကို စကားပြောခွင့်ရတာ လေးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ တိုင်းနဲ့ပြည်နယ်၊ မြို့နယ်အဆင့်တွေလည်းပါဝင်ခဲ့ပြီး ဒါတွေကို ဝေဖန်တာတွေရှိပေမယ့် တစ်ဦးနဲ့တစ်ဦး အမြင်မတူတဲ့အတွက် ဗဟိုကနေ ညှိပေးရတာဖြစ်တယ်လို့ ပြောပါတယ်။
ဒီကနေ့ဇူလိုင် ၂၃ ရက်မှာ NLD က ကိုယ်စားလှယ်လောင်းစာရင်းတွေကို ထုတ်ပြန်ပြီးနောက် ညနေပိုင်းမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်းကနေ အမှာစကားပြောကြားခဲ့တာဖြစ်ပါတယ်။
Crd : NLD

0 comments:

Post a Comment