Sunday, July 26, 2020

NLDပါတီ၏ ရန်ကုန် စီမံဘဏ္ဌာဝန်ကြီး ဦးရဲမင်းဦးယှဉ်ပြိုင်မည့် ဒဂုံ(၁) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း (PPP)ပါတီထံ ဦးကျော်ဇေယျ တင်ပြထား

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်း အစိုးရကိုထိန်းကျောင်းမှုကြောင့် လူသိများသော ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် လက်ရှိ ရန်ကုန်တိုင်းစီမံ/ဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦး ယှဉ်ပြိုင်သည့် ဒဂုံ(၁) မဲဆန္ဒနယ်မှ ယှဉ်ပြိုင်လိုကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီထံ တင်ပြထားကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။
ဦးကျော်ဇေယျသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် NLD ပါတီဝင်အဖြစ် ဒဂုံ(၁) မဲဆန္ဒနယ်မှ ဝင်ရောက်အနိုင်ရခဲ့သူဖြစ်ပြီး ယခုအခါ ပြည်သူ့ရှေ့ဆောင်ပါတီဒုတိယဥက္ကဋ္ဌဖြစ်သည်။
ကနဦးတွင် ၎င်း၏မူလမဲဆန္ဒနယ်ဖြစ်သည့် ဒဂုံ(၂) မဲဆန္ဒနယ်မှပင် ယှဉ်ပြိုင်မည်ဟု စာရင်းသွင်းထားသော်လည်း ယခုအခါ ဦးရဲမင်းဦးနှင့်ယှဉ်ပြိုင်လိုခြင်းကြောင့် ဒဂုံ(၁)မဲဆန္ဒနယ်မှ ပြောင်းလဲယှဉ်ပြိုင်လိုကြောင်း ပါတီထံ တင်ပြထားသည်ဟု ၎င်းက The Voice Journal သို့ ပြောကြားသည်။
“ကျွန်တော့်ကို CEC က ခွင့်ပြုရင် ဒဂုံ(၁)က ပြိုင်မှာ။ မနေ့ကပဲ ကျွန်တော်တင်ခဲ့တယ်။ အခုကတော့ မဲဆန္ဒရှင်တွေကို ကိုယ့်ဒေသမှာနေတဲ့သူတွေကို ဦးစားပေးမဲထည့်ကြဖို့ ကျွန်တော်ပြောနေတယ်ဗျ”ဟု ၎င်းကဆိုသည်။
ကိုယ်ဒေသတွင် နေထိုင်သူများကိုသာ မဲပေးကြရန်ဆိုသော်လည်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်သည့် ကော့မှူးမဲဆန္ဒနယ်ကို ဆိုလိုခြင်းမဟုတ်ဘဲ အခြားမဲဆန္ဒနယ်များကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ဦးကျော်ဇေယျကမူ ဦးရဲမင်းဦးယှဉ်ပြိုင်သည့် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းသည် ၎င်းအနေနှင့် ရွေးကောက်ပွဲတွင် အာဏာရပါတီဝန်ကြီးတစ်ဦးနှင့်ယှဉ်ပြိုင်လိုသောကြောင့်ဟု ရှင်းပြသည်။
ဦးရဲမင်းဦးသည် ရန်ကုန်တိုင်း စီမံ/ဘဏ္ဍာဝန်ကြီးဖြစ်သကဲ့သို့ နေပြည်တော်ဒုတိယမြို့တော်ဝန်လည်းဖြစ်ပြီး အနာဂတ်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာမည့်သူဟု ထင်ကြေးပေးခံနေရသူလည်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ တိုင်းဒေသကြီးလွှတ်တော်အတွက် ဒဂုံ(၁)မှ မြို့မကျောင်း ကျောင်းအုပ်ကြီးဖြစ်သော ဦးတင်မောင်ထွန်း (လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ)နှင့် ဦးကျော်ဇေယျ (လက်ရှိ PPP ပါတီ ဒုတိယ ဥက္ကဋ္ဌ)၊ ပြည်သူ့လွှတ်တော်အတွက် ဒေါက်တာသက်သက်ခိုင်(လက်ရှိ PPP ပါတီ ဥက္ကဋ္ဌ)တို့ အနိုင်ရရှိခဲ့သည်။
လက်ရှိတွင် NLD ပါတီကမူ ရန်ကုန်တိုင်းလွှတ်တော်အတွက် ဒဂုံ(၁)တွင် ဦးရဲမင်းဦး ၊ ဒဂုံ(၂) တွင် ဒေါ်နုနုထွေးနှင့် ပြည်သူ့လွှတ်တော်အတွက် ဒေါက်တာသန်းအောင်စိုးက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
Crd : Kyaw Zay Ya'Fb #Myanmar_Online_News

0 comments:

Post a Comment