Friday, July 24, 2020

မြစ်ဆုံဒေသအနီး KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူငယ်များတွင် မိန်းကလေးငါးဦးပါဝင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ဆုံဒေသအနီးတွင် ယမန်နေ့က KIA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားသည့် လူငယ် (၁၇) ဦးတွင် မိန်းကလေး (၅) ဦးပါဝင်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
အဆိုပါ လူငယ်များသည် ဇူလိုင်လ ၁၉ ရက်နေ့က မြစ်ဆုံဒေသအနီး ပျော်ပွဲစား ထွက်သွားစဉ် KIA လက် နက်ကိုင်အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ယခုကဲ့သို့ ဆိုသည်။
“ဖမ်းသွားတာ ဟုတ်တယ်။ အခုသူတို့ ပြန်လွတ်လာဖို့အတွက် လုံနယ်ဘက်ကနေ တာဝန်ယူ ဆောင်ရွက်နေတယ်လို့ သိရတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကို အခုချိန်ထိတော့ လူပျောက်တိုင်ကြားတာ မရှိသေးဘူး” ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောသည်။
ယင်းလူငယ်များမှာ ယင်းနေ့၊ မွန်းလွဲ (၂)နာရီခွဲအချိန်ခန့်က မြစ်ဆုံဒေသရှိ ရှန်ဂရီလာခြံ (ဒေသအခေါ် ခြောက်ထပ် ရေတံခွန်) အနီးတွင် ပျော်ပွဲစားထွက်လာစဉ် ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းပြီး သေနတ်ဖြင့် ချိန်းခြောက်ကာ ခေါ်ဆောင်သွားကြောင်း သိရပြီး ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အာလမ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမုန်ရာက ယခုကဲ့သို့ ပြောပြသည်။
“အာလမ်ကျေးရွာရဲ့ အနောက်ဘက်မှာ မြစ်ကြီးနားမြို့ဘက်က ကလေးတွေက ရေလာချိုးကြတယ်။ ရေချိုး ပြီးပြန်လာတဲ့အချိန်မှာ ကေအိုင်အေဘက်ကလို့ ယူဆရတာပေါ့နော် တပ်ရင်းကတော့ အတိအကျ မသိသေးဘူး။ အင်အား ဆယ်ယောက်လောက်နဲ့ သူတို့ကိုခေါ်သွားတယ်” ဟု ဦးမုန်ရာက ဆိုသည်။
ဖမ်းဆီးခံရသည့် လူငယ်များမှာ အူဗစ်ကျေးရွာ၊ မန်ခိန်ရပ်ကွက်၊ စီတာပူရပ်ကွက်၊ အင်ဂျန်ဒုံ၊ ကျွန်းပင်သာ၊ လွယ်ခေါ ကျေးရွာများမှ ဖြစ်ပြီး လူငယ် အမျိုးသား (၁၂)ဦး၊ အမျိုးသမီး(၅)ဦး စုစုပေါင်း ၁၇ဦး ဖြစ် ကြောင်း အာလမ်ကျေးရွာအုပ်ချုပ်ထံမှ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းက KIA လက်နက်ကိုင် အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖားကန့်မြို့နယ်၊ ဟုတ်ပါကျေးရွာမှ ရှမ်းနီလူငယ် ဆယ်တန်းကျောင်းသားနှစ်ဦးဖြစ်သည့် မောင်စိုင်းသန့်စင်အောင်နှင့် မောင်စိုင်းဇော်မျိုးဦး တို့မှာလည်း KIA က ကွက်မျက်ခြင်း ခံလိုက်ရကြောင်း အင်းတော်ကြီးဒေသ ရှမ်းနီလူငယ်ကွန်ရက်၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Ref ; People Media

0 comments:

Post a Comment