Thursday, July 23, 2020

ကချင်လက်နက်ကိုင်အဖွဲ့ (KIA)မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရှမ်းတိုင်းရင်းသား ဆယ်တန်းကျောင်းသားနှစ်ဦး အသတ်ခံရ


ပြီးခဲ့သည့် ရက်ပိုင်းက ဖားကန့်မြို့နယ်မှာ ကေအိုင်အေက ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဆယ်တန်းကျောင်းသားနှစ်ဦး အသတ်ခံ လိုက်ရတယ်လို့ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သိရသည်။
ဇူလိုင်လ ၆ရက်နေ့က ဖားကန့်မြို့နယ် ဝန်ဇင်းကျေးရွာအုပ်စု ဟောင်ပါးကျေးရွာဒေသခံ ဆယ်တန်း ကျောင်းသား နှစ်ဦးဖြစ်တဲ့ မောင်သန့်ဇင်အောင်နဲ့ မောင်မျိူးဇော်ဦးတို့ကို ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားနှစ်ဦးကို ငွေကျပ်သိန်းတစ်ရာနဲ့ လာရောက်ရွေးယူရန် ကေအိုင်အေဘက်မှ မိဘတွေကို အကြောင်းကြားလာတာကြောင့် အဆိုပါကိစ္စကို အရေးယူပေးရန်အတွက် တာဝန်ရှိသူတွေကို တိုင်ကြားစာတွေ ပို့ခဲ့ပေမယ့် အရေးယူမှုတွေ ပြုလုပ်ပေးခဲ့ခြင်းလုံးဝမရှခဲ့ဘူးလို့ မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းမျိုးဆွေက ပြောပါတယ်။
“တိုင်းမှူးဆီလိပ်မှုပြီး ဒီကိစ္စကို တိုင်ကြားခဲ့ပါတယ်။ တိုင်းမှူးကတော့ ဒီကိစ္စအတွက် တာဝန်ရှိတဲ့ သူတွေကို ဖိအားပေးထားပါတယ်လို့ ပြောပေမယ့် ယနေ့အချိန်အထိ တစ်စုံတစ်ရာ စုံစမ်းဆောင်ရွက် ပေးတာတော့ မတွေ့ဘူး။ မတွေ့တဲ့ကြားထဲမှာ ဒီကလေးတွေက အသတ်ခံလိုက်ရတာပါပဲ” ဟု ဦးစိုင်းမျိုးဆွေက ပြောပါတယ်။
ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း ကေအိုင်အေဘက်က မိုးညှင်းခရိုင် အတွင်းနဲ့ ဗန်းမောက်မြို့တွေမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ ကျောင်းသားတွေကို ဖမ်းဆီးခြင်း၊ ဆက်ကြေးတောင်းခြင်း စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယခုလို ဒေသခံတိုင်းရင်းသားတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် နှိပ်စက် စော်ကားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းအမည်ခံ ကေအိုင်အေရဲ့လုပ်ရပ်တွေကို ကန့်ကွက်ရူတ်ချတယ်လို့လည်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့(S.E.A) အပါအဝင် ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီနှင့် ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ် (SNYO) တို့မှလည်း ယခုလအတွင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသားတစ်ဦးဖြစ်သူ မောင်သန့်ဇင်အောင်ရဲ့ ဖခင်ဖြစ်သူ ဦးအိုက်ဆန်းမှလည်း “မသေရုံတစ်မယ်ပါပဲ။ ကျွန်တော်တို့မှာ ဒီသားလေးတစ်ယောက်ပဲရှိတာ သားလေးက ဆယ်တန်းအောင်ရင် ဘွဲ့ရအောင်လုပ်ပြီး နိုင်ငံခြားထွက် အလုပ်လုပ်မယ် စိတ်ကူးထားတာ အခုတော ကေအိုင်အေဘက်က ရှမ်းနီသင်တန်းဆင်း ဆိုပြီး စွပ်စွဲပြီး ရိုက်နှက်ခေါ်ဆောင်သွားပြီး လက်လွန်သွားပြီ သေသွားပြီ လို့ပြောတယ်။ ကျွန်တော်တို့ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးကို အကြောင်းကြား ထားပေမယ့် အရေးယူဆောင်ရွက်ပေးမှု ဘာမှမရှိခဲ့ဘူး။ ရဲတို့ စစ်တပ်တို့ကလဲ ကေအိုင်အေနဲ့ပတ်သက်ပြီးဘာမှမလုပ်ရဲဘူး”လို့ EPN ကို ပြောပါတယ်။
ဖမ်းဆီးခံကျောင်းသားတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ ဒေသခံ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုရရှိနိုင်စေရေး အတွက် ဆောင်ရွက်ပေးပါရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဌာနဆိုင်ရာအသီးသီးကို တိုင်ကြားစာတွေ ပေးပို့ထားတယ်လို့ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A) ကနေ သိရပါတယ်။
Crd : EPN

0 comments:

Post a Comment