Sunday, July 12, 2020

KIA ကချင်အဖွဲ့ မြို့နယ်မှူးအဆင့်ရှိသူ ကအပြစ်မဲ့ပြည်သူတစ်ဦးအား ရိုက်နှက်ပြီး ဆယ်တန်းကျောင်းသား နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွား

မိုးညှင်းခရိုင် ဟောင်ပါးအုပ်စု ဆယ်ဇင်းကျေးရွာတွင် ဖွင့်လှစ်ထားသော ချိုရီတာ KTV နှင့် စားသောက်ဆိုင်တွင် စားသောက်နေသော ဦးဝင်းနိုင်နှင့် ရပ်မိရပ်ဖနှစ်ဦးအား ဇူလှိုင်လ ၆ ရက် ည ၇ နာရီခွဲခန့်အချိန်တွင် KIA တပ်ရင်း ၂၆ လက်အောက်ခံ မြို့နယ်မှူးအဆင့်ရှိ ခေါင်လွန်း နှင့် အပေါင်းပါ ၈ ဦးတို့သည် လူမြင်ကွင်းတွင် အကြောင်းမဲ့ သေနတ်ဒင်များဖြင့် ရိုက်နှက်ခဲ့ ကြကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားသည်။
" ကျွန်တော်တို့က ဆိုင်မှာ အရင်ထိုင်နေတာ ။ နောက်သူတို့ဝင်လာပြီး သူတို့စားသောက်ထားတာတွေရော ငွေရှင်းပေးပြီး ပြန်တော့မယ်ဆိုတဲ့အကြောင်း သွားပြောတော့ ခေါင်လွန်းက ဒီနယ်မြေဟာ သူတို့ အုပ်ချုပ်တဲ့နယ်မြေဖြစ်တယ်ဆိုပြီး လူမြင်ကွင်းထဲမှာ ဝိုင်းရိုက်ကြတာပဲ။" ဟု အဆိုပါ အဖြစ်အပျက်ကို အနီးကပ်ကြုံ တွေ့ခဲ့သူတစ်ဦးက ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။
အဆိုပါ ရိုက်နှက်မှုကြောင့် ဦးဝင်းနိုင်၏ ခေါင်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဟုမ္မလင်းဆေးရုံတွင် ၇ ချက်ချုပ်ခဲ့ရကြောင်းလည်း သိရသည်။
ဦးဝင်းနိုင် အရိုက်ခံရစဥ်တွင် အဆိုပါနေရာအနီး၌ မြန်မာ့တပ်မတော် ခလရ ၈ မှ ဗိုလ်ကြီး ညီညီအောင်လည်းရှိနေပြီး ဘာမှ ဖြန်ဖြေခြင်းမရှိကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။ “ စဝင်လာကတည်းက ခေါင်လွန်းနဲ့ ဗိုလ်ကြီးညီညီအောင်က ခါးဖက်ပြီးဝင်လာကြတာ။ ရိုက်နေတာလည်း ဘာမှ ဖြန်ဖြေတာမရှိဘူး။” ဟု ၄င်းကပြောကြားသည်။
အဆိုပါဖြစ်စဥ်တွင် ပါဝင်ခဲ့သော ဗိုလ်ကြီးညီညီအောင်နှင့် ပတ်သက်၍ မြန်မာ့တပ်မတော်မှ ၄င်းတို့ မပါဝင်ကြောင်း ထောက်ခံချက်လက်မှတ်များထိုးပေးရန် ရပ်မိရပ်ဖများထံ လိုက်လံတောင်းခံမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ပြဿနာဖြစ်ပွားသောည ၁၁ နာရီခန့်တွင် အဆိုပါ ရိုက်နှက်မှုကို ကျူးလွန်ခဲ့သော ခေါင်လွန်းဦးဆောင်သော အင်အား ၂၀ ခန့်ပါအဖွဲ့သည် ဆယ်ဇင်းကျေးရွာတွင် လာရောက်လည်ပတ်သော ပါဟုတ်ကြီးရွာသား ဆယ်တန်းကျောင်းသားများ ဖြစ်ကြသော မောင်သန့်ဇင်အောင်နှင့် မောင်ဇော်မျိုးနိုင်တို့ နှစ်ဦးအားလည်း ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ဦးလျှင် ကျပ်သိန်း တစ်ရာခန့်ဖြင့် လာရောက်ရွေးယူရန် မိဘများထံ မှာကြားခဲ့ကြောင်းလည်း ကျောင်းသားမိဘများနှင့် နီးစပ်သူများက ပြောကြားသည်။
ဇူလိူင်လ ၁ ရက်နေ့ကလည်း KIA တပ်ဖွဲ့ဝင်စီးနင်းလာသော ကားအနီး ဆိုင်ကယ်လဲသူအား နာမည်မေးမြန်းရာ ရှမ်းလေးဟု ဖြေကြားခဲ့သည့်အတွက် ရိုက်နှက် ပြီးခေါ််ဆောင်သွားရာ ငွေကျပ်သိန်းငါးဆယ်ဖြင့် လောပန်းဖြစ်သူက ပြန်လည်ရွေးယူခဲ့ရကြောင်း ခိုင်မာသည့် သတင်းရင်းမြစ် တစ်ဦီးကပြောကြားသည်။
လွန်ခဲ့သော လအတွင်းကလည်း အဆိုပါ ဆယ်ဇင်းကျေးရွာတွင် ရှမ်းနီပြည်သူတစ်ဦးအား KIA အဖွဲ့က ရိုက်နှက်ပြီး ရက်အတန်ကြာဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် နေပြည်တော်သို့ တိုင်ကြားစာများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - အရိုက်ခံရသော ဦးဝင်းနိုင်နှင့် ဖမ်းဆီးခံထားရသော ဆယ်တန်းကျောင်းသားများ၏ မှတ်ပုံတင်များ
Ref ; The Voice of Shan-Ni

0 comments:

Post a Comment