Sunday, July 26, 2020

ဖားကန့်တွင် KIA လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး အသတ်ခံခဲ့ရသည့် ကျောင်းသားနှစ်ဦးနှင့်ပတ်သက်၍ ကျန်ရစ်သူမိသားစုဝင်များနှင့် KIAအဖွဲ့တို့အကြား ညှိနှိုင်းခဲ့ပြီး ကျပ်သိန်းနှစ်ရာစီထောက်ပံ့

ဖားကန့်ဒေသတွင် အသတ်ခံခဲ့ရသည့် ကျောင်းသားနှစ်ဦးနှင့် ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်များနှင့် ကေအိုင်အေ တပ်ဖွဲ့ဝင်တို့ ညှိနှိုင်းခဲ့ပြီး အလှူအတန်း ပြုလုပ်နိုင်ရန် ကျပ်သိန်းနှစ်ရာစီ ထောက်ပ့ံခဲ့ကြောင်း သိရသည်။
အသတ်ခံရသည့် ကျောင်းသားနှစ်ဦး၏ ကျန်ရစ်သူ မိသားစုဝင်များနှင့် ကေအိုင်အေအဖွဲ့ဝင်များ၊ ဓမ္မဆရာများ၊ ရပ်မိရပ်ဖများတို့ ဆိုင်းတောင်ကျေးရွာတွင် တွေ့ဆုံညှိနှိုင်းကာ ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးလမိုင်ခွန်ဂျာက “နှစ်ဖက်တွေ့ကြတာ ဇူလိုင် ၂၄ ရက် ညနေပိုင်းက ပြေလည်မှု ရရှိခဲ့ကြတယ်။ မိဘတွေဘက်ကတော့ သားတွေ အသက်ဆုံးရှုံးရတယ်ဆိုတော့ ကျေနပ်တယ်လို့ ဘယ်ပြောလို့ရမလဲ။ ဝမ်းနည်းထိခိုက်ကြမှာပေါ့။ ဆုတောင်းဖို့၊ ရိုးရာအလှူ လုပ်ဖို့ပေါ့။ တစ်ဦးကို ကျပ်သိန်း ၂၀၀ စီထောက်ပံ့လိုက်တယ်လို့ သိရတယ်။ ဌာနေတိုင်းရင်းသား အချင်းချင်း နောင်ကို ဒီလိုအဖြစ်ဆိုးမျိုးတွေ မဖြစ်ကြလေအောင်လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်။ ကျွန်တော်တို့အဖွဲ့ အနေနဲ့ကတော့ ဒါမျိုးဘယ်သူမှ ဘယ်အဖွဲ့အစည်းမှ မဖြစ်စေချင်ပါဘူး။ အဓိကတော့ ငြိမ်းချမ်းရေး မဖြစ်သေးတဲ့ အခြေအနေတွေလည်း ပါတာပေါ့” ဟု ပြောကြားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကေအိုင်အို ဗဟိုမှ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး အပြစ်ပေး အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။
အသတ်ခံရသူများမှာ ၁၈ နှစ်အရွယ် မုံရွာအဝေးသင်တက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ပထမနှစ် တက်ရောက်မည့် မောင်သန့်ဇင်အောင်နှင့် ၁၇ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း တက်ရောက်မည့် မောင်ဇော်မျိုးဦး တို့ဖြစ်ပြီး ဇူလိုင် ၆ ရက် ညပိုင်းက ကေအိုင်အေ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဇူလိုင် ၂၂ ရက်တွင် ဓမ္မဆရာ ရပ်မိရပ်ဖများမှတစ်ဆင့် အကြောင်းကြားလာကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိဘများက ပြောကြားသည်။
လက်ရှိတွင် သေဆုံးသူများ မည်သို့သေဆုံးသည်ကို ကျန်ရစ်သူ မိသားစုဝင်များ မမြင်တွေ့ရသေးကြောင်း၊ ကေအိုင်အေထံ အလောင်းများ ပြန်လည်ရရှိရေး တောင်းဆိုထားကြောင်း သိရသည်။
လူငယ်နှစ်ဦး အသတ်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တာဝန်ယူပေးရန်နှင့် ဓလေ့ထုံးတမ်း သဂြိုဟ်နိုင်ရေးနှင့် အလောင်းပြန်ပေးရန် နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများက ဇူလိုင် ၂၃ ရက်က တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများသည် ဆက်ကြေးကောက်၊ သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး ကေအိုင်အို/ကေအိုင်အေ အဖွဲ့အစည်းအား ၂၀၁၃ ခုနှစ် ဇွန်တွင် တစ်ကြိမ်၊ ၂၀၁၃ ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် တစ်ကြိမ် ဆန္ဒဖော်ထုတ်မှုများ ရှိခဲ့သည်။
Crd : EMG

0 comments:

Post a Comment