Monday, July 20, 2020

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အမရပူရမြို့နယ်၊လွိုင်ကော်မြို့နယ်၊ဒီးမော့ဆိုမြို့နယ်၊တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ ICE များ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် အမရပူရမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ ၁၀၅၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ အမရပူရမြို့နယ်၊ ကန်ပတ်လမ်းသို့ရောက်ရှိလာသော မဘိမ်းမြို့နယ်၊ ငအိုး ကျေးရွာအုပ်စု၊ ဥယျာဉ်ပုကျေးရွာနေသူများဖြစ်သည့် အောင်ကိုကိုထွေး(ခ)ကိုထွေး ၃၅ နှစ်မောင်းနှင်ပြီး မပပဖြိုး(ခ)ပူစူးမ ၂၅ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ အောင်ကိုကိုထွေး (ခ)ကိုထွေး၏ ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၇၅ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၉၃.၇၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အမရပူရမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးရာမှ ဒီးမော့ဆိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိမှု
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးရာမှ ဒီးမော့ဆိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ ၁၅၅၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့၊ လွိုင်ကော်-နန်းမယ်ခုံ သွားကားလမ်းတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်း များဆောင်ရွက်နေစဉ် နန်းမယ်ခုံဘက်မှ လွိုင်ကော်ဘက်သို့ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာနေ စူးရယ်(ခ)စိုးအောင် ၂၄ နှစ်မောင်းနှင်ပြီး ဒီးမော့ဆိုမြို့နယ်၊ ရူးဖယ်ခူရပ်ကွက်နေ တိုးရယ်(ခ)ပုံ့ပုံ့ ၂၄ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ တိုးရယ်(ခ)ပုံ့ပုံ့ လွယ်ထားသော လွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ပြား(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၃၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ပေါ်ပေါက်ချက် အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအားရောင်းချသူ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့၊ ခေါ်ခုကယားရပ်ကွက်နေ လှထွေး(ခ)ကုလားနှင့် သန်းဇော်ဦး ၂၆ နှစ်တို့၏နေအိမ်အား ၁၆၅၀ အချိန်တွင် ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် သန်းဇော်ဦးအား တွေ့ရှိပြီး စပါးကျီတဲအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၅၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ICE များ ထပ်မံဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ICE များ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၉ ရက်နေ့ ၁၃၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် လမ်းလျှောက်လာသူ တာချီလိတ်မြို့၊ မဲခေါင်ရပ်ကွက်နေ ဇော်မိုး ၄၇ နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား(ဒေသ ကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် များဖော်ထုတ်စစ်ဆေးခဲ့ရာ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား မယ်ခေါင်ရပ်ကွက်၊ ---- ဟိုတယ်၊ အခန်းအမှတ် (----) တွင် တည်းခိုနေထိုင်သူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ စမော(ခ)သက်ဟိန်းစိုး ၃၁ နှစ်ထံမှ ဝယ်ယူ ခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်၍ ၁၇၃၅ အချိန်တွင် ပူးပေါင်းအဖွဲ့မှ ---- ဟိုတယ်၊ အခန်းအမှတ်(----)အား ဝင်ရောက် ရှာဖွေရာ အခန်းအတွင်း စမော(ခ)သက်ဟိန်းစိုး အားတွေ့ရှိပြီး ၎င်းထံမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၈၇ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် ICE အလေးချိန် ၁၂ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂.၄ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Crd : CCDAC Myanmar #Myanmar_Online_News

0 comments:

Post a Comment