Tuesday, July 21, 2020

COVID-19ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေပြီး အထူးကြပ်မတ်ကုသမှုခံယူနေရသည့် လူနာတစ်ဦးမှမရှိတော့ကြောင်း ကျန်းမာရေးဝန်ကြီးပြောကြား

လက်ရှိမြန်မာနိုင်ငံမှာ အထူးကြပ်မတ်ကုသမှု ခံယူနေရတဲ့ COVID-19 ပိုးတွေ့အတည်ပြုလူနာ တစ်ဦးမှ မရှိဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။
ဇူလိုင်လ (၂၀) ရက် မနက်ပိုင်းက COVID-19 ကုသရေးဌာန(ဖောင်ကြီး)ကို သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေတွေကို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ် ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဇူလိုင်လ (၂၀) ရက်မနက်ပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၃၄၁) ဦးရှိပြီး အဲဒီအထဲက အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရသူ (၂၀)ဦးနဲ့အသက်ရှုစက်(ventilator) အသုံးပြုခဲ့ရသူ (၅) ဦးသာ ရှိခဲ့တယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီး ဒါဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဦးဆောင်မှု၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနဲ့ ပြည်သူများ အားလုံး ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။ COVID-19 ဒုတိယလှိုင်း မဖြစ်ပွားစေရေးအတွက်တော့ နယ်စပ်ဝင်/ထွက်ပေါက်တွေနဲ့ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုနေရာတွေမှာ သတ်မှတ်ချက်၊ စည်းကမ်းလမ်းညွှန်ချက်တွေနဲ့ အညီ တိကျစွာ ဆောင်ရွက်မှုရှိ/မရှိကို ဆန်းစစ်အကဲဖြတ်တာတွေ ဆောင်ရွက်သွားရမယ်လို့လည်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်လ (၂၀) ရက် ည (၈) နာရီအထိ ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ (၃၄၁) ဦးထဲမှာ ရောဂါပိုးကင်းစင်လာသူ (၂၇၈)ဦးရှိပြီး ၎င်းတို့အနက်က (၂၆၅)ဦးကို ဆေးရုံက ဆင်းခွင့်ပြုကာ သတ်မျတ်နေရာတွေမှာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုတာတွေ ပြုလုပ်ထားပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ အတည်ပြုလူနာတွေထဲက ဒီကနေ့အထိ သေဆုံးသူအရေအတွက် ခြောက်ဦးသာ ရှိပါတယ်။

0 comments:

Post a Comment