Friday, July 17, 2020

COVID-19 ကာလအတွင်း ပိတ်နားထားသော ချောင်းသာ၊ ငွေဆောင် အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေများ ဇူလိုင်၁၆မှစ၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ဂေါ်ရန်ဂျီစသည့် အပန်းဖြေ ကမ်းခြေများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျန်းမာရေးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ထားနိုင်ပါက ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါ ကူးစက်နိုင်မှု ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ယာယီပိတ်ထားရသည့် ကမ်းခြေများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီ ဖြစ်ကြောင်း၊ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကမ်းခြေများရှိ ဟိုတယ်နှင့် တည်းခိုခန်းများအား ကျန်းမာရေးဌာနမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်၊ စည်းကမ်းသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ထားခြင်းရှိမရှိ စစ်ဆေးရေး အဖွဲ့များမှ လာရောက် စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးတွေ့ရှိချက်များအရ ဟိုတယ်နှင့် တည်းခိုခန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမပြု ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ကမ်းခြေသို့ လာရောက် လည်ပတ်သည့် ခရီးသွားများ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းများအတိုင်း ကမ်းခြေများသို့ လာရောက် လည်ပတ်နိုင်ကြောင်း သိရသည်။
“ပြန်လည်ဖွင့်လှစ်ဖို့အတွက် လိုက်နာရမဲ့ စည်းကမ်းတွေပေါ့ ဟိုတယ်တွေ တည်းခိုခန်း လုပ်ငန်းရှင်တွေ လိုက်နာရမဲ့ စည်းကမ်းတွေ၊ နောက်တစ်ခါ သွားရောက်လည်ပတ်မဲ့ ဧည့်သည်တွေ လိုက်နာရမဲ့ စည်းကမ်းတွေ အဲ့စည်းကမ်းတွေနဲ့ အညီစိစစ်ပြီးတော့ အစိုးရအဖွဲ့ကို ပြန်လည်တင်ပြ၊ ပြန်လည်တင်ပြလို့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ညီညွတ်လို့ရှိရင် အစိုးရအဖွဲ့က ဖွင့်ခွင့်ပေးမယ်ပေါ့၊ အဲ့ဒါကို မနေ့က အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်၊ စိစစ်တဲ့လုပ်ငန်းတွေ လုပ်ရဦးမယ် ညီညွတ်တယ်ဆိုရင် ဖွင့်ခွင့်ရမယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
ကမ်းခြေဒေသများရှိ ဟိုတယ်နှင့် တည်းခိုခန်းများအား ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိနှင့် ကမ်းခြေဒေသတွင် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသော စျေးသည်များ၊ ဧည်သည့်ကြိုများ စသည်တို့ကို ကျန်းမာရေး စံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲထားပြီး စီမံချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ခြင်း ရှိ မရှိအား စိစစ်ရေးအဖွဲ့မှ စိစစ်ဆောင်ရွက်ပြီးပါက စတင်ဖွင့်လှစ်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment