Thursday, July 23, 2020

COVID-19 ကာလအတွင်း ထိုင်းနိုင်ငံကို မှောင်ခို လမ်းကြောင်းကနေ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိ

COVID-19 ကာလအတွင်း ထိုင်းနိုင်ငံသား တဦးနဲ့အတူ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၈ ဦးကို ဇူလိုင်လ ၂၁ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ် လို့ ဘန်ကောက်ပို့စ် သတင်းက ဇူလိုင် ၂၂ ရက်မှာ ဖော်ပြပါတယ်။
ဆန်ခလ ဘူရီ ခရိုင် အကြီးအကဲ Pakorn Kanealee က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ နယ်စပ် ဖြတ်ကျော်ပြီး Nong Lu ရှိ Moon 3 အနာယက ရာဘာစိုက်ခင်းကို ဇူလိုင် ၂၁ ရက် ညနေ ၅ နာရီက ရောက်ရှိ လာခဲ့တာဖြစ်တယ်လို့ ပြော ပါတယ်။
သူတို့ဟာ တိုယိုတာ ဗီဗို ပစ်ကပ်ကားနဲ့ သူတို့ကို စောင့်နေတဲ့ ထိုင်းအမျိုးသမီးဖြစ်တဲ့ အသက် ၄၉ နှစ်ရှိ Kornnipa Amorndechakorn နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
Ms.Khornnipa က သူတို့ကို လှေတစင်းနဲ့ တင်ဆောင်သွားခဲ့ပြီး ဝဇီယ လောင်ကွန်း ဆည်မှာရှိတဲ့ Ban Lang Khao အရပ်မှာ ဆိုက်ကပ်ခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။
အဲဒီ နေရာကို အရောက်မှာ တံငါသည် အသွင်ယူထားတဲ့ နယ်မြေ ကာကွယ်ရေး စေတနာ့ဝန်ထမ်း ၂ ဦးက သူတို့ကို မြင်တွေ့သွားခဲ့ပြီး တဖွဲ့လုံးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မကြာခင်မှာပဲ ရဲနဲ့ အုပ်ချုပ်ရေး အရာရှိတွေ ရောက်ရှိလာကြပြီး သူတို့ အားလုံးကို ဆန်ခလ ဘူရီ ရဲစခန်း ခေါ်ပြီး စစ်ဆေး ခဲ့တယ်လို့ သိရပါတယ်။
Ms.Kornnipa ကို နိုင်ငံခြားသားတွေ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်တာကို ကူညီမှု၊ ခရိုင် ကူးစက်ရောဂါ ထိန်းချုပ် ရေး ကော်မတီရဲ့ ကြေညာချက်ကို ဖောက်ဖျက်မှု နဲ့ သူတို့ကို သယ်ယူပို့ဆောင်မှုတွေနဲ့ စွဲချက်တင်လိုက်ပြီ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိုလည်း တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲဆို ခဲ့ပါတယ်၊ သူတို့ဟာ Phra Chedi Sam Ong ကျေးရွာအနီးက သဘာဝ နယ်နိမိတ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့ကြတယ် လို့ ပြောကြပါတယ်။
သူတို့ဟာ ဝဇီယလောင်ကွန်း ဆည်ရှိရာကို ဒေသခံ အမျိုးသားတဦးရဲ့ ဦးဆောင်မှုနဲ့ နာရီပေါင်းများစွာ လမ်းလျှောက် လာခဲ့ကြရပြီး Ms Kornnipa နဲ့ တွေ့ခဲ့တဲ့ ရာဘာစိုက်ခင်းကို ခေါ်သွားခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
သူတို့ကို ထိုင်းနိုင်ငံဆီ မှောင်ခိုပို့ပေးဖို့ တယောက်ကို ဘတ် ၇၅၀၀ စီ ပေးခဲ့ကြရပြီး ဘန်ကောက် အနီးက ခရိုင်တွေမှာ အလုပ်ရှာမယ်လို့ ရည်မှန်း ထားခဲ့ကြတာ ဖြစ်ပါတယ်။
Ms.Khonnipa ဟာ ခေါ်ဆောင်ခ အတွက် ၁ ယောက်ချင်းစီ အတွက်ကို ဘတ် ၈၀၀ စီ ရရှိမှာဖြစ်ပြီးတော့ သူတို့ဟာ လှေတွေနဲ့ ခရီးဆက်သွားကြမှာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ကာကွယ်ရေး စေတနာ့ဝန်ထမ်း ၂ ဦးဟာ တံငါသည် အသွင်ယူပြီးတော့မှောင်ခိုဂိုဏ်းတွေကို ဖမ်းဆီးဖို့ စောင့်ဆိုင်းနေတာ ဟာ ၅ ရက်ကြာခဲ့ပြီဖြစ်တယ်လို့ ခရိုင်အကြီးအကဲ Mr.Pakorn က ပြောပါတယ်။
မှောင်ခိုသမားတွေဟာ မြန်မာရွှေ့ပြောင်းတွေကို ဆည်တလျှောက် လှေနဲ့သယ်လာပြီး ဆန်ခလ ဘူရီနဲ့ Thong Pha Phum ကြားက အဝေးပြေး လမ်းမကြီး ၃၂၃ ရှိ စစ်ဆေးရေးဂိတ်တွေကို ရှောင်ရှားဖို့ စီစဉ်ခဲ့တာဖြစ်တယ် လို့ Mr.Pakorn က ဆက်ပြောပါတယ်။
Crd : Bangkok Post

0 comments:

Post a Comment