Monday, July 6, 2020

COVID-19 ပျောက်ကင်းသူထံမှ သွေးရည်ကြည်သွင်းကုသသည့်ကုထုံး မြန်မာနိုင်ငံတွင်ကုသရန် လမ်းညွှန် ချက်မရှိသေး

COVID-19 ပျောက်ကင်းသူထံမှ သွေးရည်ကြည်သွင်းကုသသည့်ကုထုံး မြန်မာနိုင်ငံတွင်ကုသရန် လမ်းညွှန်ချက်မရှိသေးကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးစု ကြည်ကပြောသည်။
လတ်တလောလူမှုကွန်ရက်တွင်ထွက်ပေါ်နေသည့် COVID-19 ဖြစ်ပွားသူကို သွေးရည်ကြည်သွင်းကုထုံးဖြင့် ကုသနေကြောင်း သတင်းအား ဇူလိုင် ၆ ရက် PEOPLE MEDIA မှ ဆက်သွယ်မေးမြန်းရာတွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမိုးစုကြည်က ပြောကြားခဲ့သည်။
“COVID-19 စဖြစ်ကတည်းက တချို့နိုင်ငံတွေ အဲဒီလိုသွေးရည်ကြည်သွင်း ကုသတာရှိတယ်ပေါ့နော်။ ကုသ တာပျောက်တဲ့လူတော့ရှိတယ်။ မြန်မာနိုင်ငံမှာတော့ စမ်းတဲ့လူနာတော့မကြားဖူးသေးဘူးရှင့်။ မြန်မာနိုင်ငံရဲ့ ကုသရေးညွှန်ကြားချက်မှာလည်း အဲဒါမပါထားသေးဘူးပေါ့။ ဒီမှာတော့ အဲဒီလိုကုသတာမလုပ်ရသေးပါဘူးရှင့်’’ ဟု ၎င်းကပြောသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ကူးစက်ပြန့်ပွားသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်း တစ်ရာကျော်သို့ ကူးစက်ပြန့်ပွားခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ဇူလိုင် ၄ ရက်အထိ ၃၁၃ ဦးရှိကာရောဂါပိုးပြန်လည်ကင်းစင်သူ ၂၄၁ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။
“အဲဒီလိုသွေးရည်ကြည်သွင်းကုသဖို့ဆိုတာ မလွယ်ဘူး။ အထူးသဖြင့် သူကကောင်းပြီးသား လူနာဆီကသွေး ရည်ကြည်ထုတ်ရမယ်။ သွေးအုပ်စုတူချင်းမတူချင်းနဲ့နောက်သူ့ရဲ့ကြားထဲမှာ လုပ်ရမဲ့လုပ်ငန်းစဉ်တွေအများကြီး ရှိတယ်။ ချက်ခြင်းဖောက်ချက်ခြင်းသွင်း အဲဒီလိုလုပ်လို့ရတဲ့ကိစ္စမဟုတ်တဲ့အတွက် လောလောဆယ်တော့ မြန် မာပြည်မှာကုသတာ မတွေ့သေးဘူး။ နောက်ပြီး သူကလူနာရဲ့ ခွင့်ပြုချက်တောင်းရမယ်။ အခြားနိုင်ငံတွေမှာ ကုသတယ်ဆိုတာတော့ ဖြစ်နိုင်ခြေတော့ရှိတယ်။ စာတမ်းတွေတော့ မကြည့်ရသေးဘူး’’ ဟု အထွေထွေ ရောဂါကုသမားတော်ဒေါက်တာမိုးအောင်ကျော်နိုင်ကလည်း သုံးသပ်ပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင်ရောဂါလက္ခဏာများမှာ ကိုယ်အပူချိန်မြင့်မားခြင်း၊ အသက်ရှုမဝခြင်း၊ ကိုယ်လက်များကိုက်ခဲခြင်း၊ ဝမ်းလျောခြင်း၊ ချောင်းခြောက်ဆိုးခြင်းစသည့်လက္ခဏာများဖြစ်ပွားကာပြင်းထန်လာပါက အသက်ရှုမရတော့ခြင်းတို့ဖြစ်ပွားနိုင်ကြောင်းသိရသည်။
Ref ; People Media

0 comments:

Post a Comment