Sunday, July 12, 2020

COVID-19ထက်ပိုအန္တရာယ်များသည့်အဆုတ်ယောင်ရောဂါအရေး နိုင်ငံသားများကို ကာဇက်စတန်မှတရုတ်သံရုံးသတိပေး၊ သတင်းမှားဟု ကာဇက်စတန်အစိုးရငြင်းဆို

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါထက်ပိုပြီး သေဆုံးနိုင်ချေများသည့် အဆုတ်ယောင်ရောဂါဖြစ်ပွားနေမှုနှင့်ဆက်စပ်၍ ကာဇက်စတန်နိုင်ငံဆိုင်ရာတရုတ်သံရုံးက နိုင်ငံသားများကို သတိပေးသည်။ ဇွန်လလယ်မှစ၍ အတီရော၊ အက်တိုဘီနှင့် ရှင်မ်ခန့်မြို့တို့တွင် ထိုရောဂါဖြစ်ပွားမှုသိသိသာသာမြင့်တက်လာကြောင်း ကြာသပတေးနေ့က တရားဝင် WeChat အကောင့်တွင်ထုတ်ပြန်သည်။
ကာဇက်စတန်နိုင်ငံမှအဆုတ်ယောင်ရောဂါကြောင့် ယခုနှစ်တစ်ဝက်အတွင်း ၁၇၇၂ ယောက်သေဆုံးခဲ့ပြီး ဇွန် တစ်လတည်းတွင် တရုတ်နိုင်ငံသားများအပါအဝင် လူ ၆၂၈ ယောက်သေဆုံးခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်တွင်ပါဝင်သည်။
“ဒီရောဂါရဲ့သေဆုံးနှုန်းက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အဆုတ်ယောင်ရောဂါထက် အများကြီးပိုများပါတယ်။” ဟုလည်းပြောသည်။ ကိုရိုနာဗိုင်းရပ်စ်သို့မဟုတ်အခြားမျိုးစိတ်တစ်ခုကြောင့် ရောဂါဖြစ်စေခြင်းဟုတ်၊ မဟုတ်မရှင်းလင်းသေးပေ။
ကာဇက်စတန်ကျန်းမာရေးဝန်ကြီးဌာနနှင့်အခြားကျန်းမာရေးအဖွဲ့အစည်းများက နှိုင်းယှဉ်သုတေသနလုပ်နေသော်လည်း ကောက်ချက်မချနိုင်သေးပေ။ အင်္ဂါနေ့က ကာဇက်စတန်အစိုးရသတင်းအေဂျင်စီ Kazinform ၏ဖော်ပြချက်အရ ၂၀၁၉ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ဇွန်တွင် အဆုတ်ယောင်ရောဂါဖြစ်ပွားမှု ၂.၂ ဆမြင့်တက်လာသည်ဟုသိရသည်။
တရုတ်သံရုံး၏သတိပေးချက်နှင့်ပတ်သက်၍မေးမြန်းရာ ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက တစုံတရာဖြေကြားခြင်းမရှိဟု တရုတ်အစိုးရ၏ People's Dailyကထုတ်ဝေသည့်လူပြိန်းကြိုက်သတင်းစာ Global Times ကဖော်ပြသည်။
သို့သော် တရုတ်မီဒီယာများ၏အဆုတ်ယောင်ရောဂါနှင့်ပတ်သက်၍ သံရုံးထုတ်ပြန်ချက်ကိုကိုးကားသည့်သတင်းဖော်ပြချက်များမှာ သတင်းမှားများဖြစ်သည်ဟု ကာဇက်စတန်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင်တုံ့ပြန်သည်။
မရှင်းလင်းသေးသည့်ဖြစ်ရပ်များအပါအဝင် ဘက်တီးရီးယား၊ မှိုနှင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့်အဆုတ်ယောင်ရောဂါများအားလုံးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O လမ်းညွှန်ချက်များနှင့်အညီကိုင်တွယ်ဖြေရှင်းနေသည်ဟု ကာဇက်စတန်ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင်ပါဝင်သည်။
ကာဇက်စတန်နိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၅ သိန်းကျော်ရှိပြီး သေဆုံးသူ ၂၆၄ ယောက်ရှိနေ သည်။ ကြာသပတေးနေ့တွင် နေ့စဉ်ကူးစက်မှုစံချိန်တင်ခဲ့ပြီး ၁၉၆၂ ယောက်ရှိသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment