Tuesday, July 14, 2020

ဖလော်ရီဒါတွင် COVID-19 ကူးစက်မှု စံချိန်တင်မြင့်တက်နေကာ ပြည်နယ်အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ၊ ကန်တွင် COVID-19 ကူးစက်မှုမြင့်တက်ခဲ့ရခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ဆို့မှု မပြုလုပ်ခဲ့ခြင်းကြောင့်ဟု ဖော့စီပြောကြား

COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စံချိန်တင် မြင့်တက်နေတဲ့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးကို ဇူလိုင်လ ၁၃ ရက်မှာ ဆန္ဒပြသူတွေက ပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ် မိန့်ခွန်းဆက်ပြောဖို့လုပ်ချိန်မှာ ဆန္ဒပြသူတွေက ဒီဆန်တစ်ကို “ရှက်ဖို့ကောင်းတယ်” ဆိုပြီး အော်ဟစ်ခဲ့ကာ အဲဒီလို အော်ဟစ်သူကိုတော့ သတင်းစာရှင်းလင်းပွဲ နေရာကနေ အမြန်ဖယ်ရှားခဲ့ရကြောင်း သိရှိရပါတယ်။
ဖလော်ရီဒါမှာ ဇူလိုင် ၁၂ ရက် တစ်ရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူ ၁၅,၀၀၀ ကျော်ရှိခဲ့ပြီး ကူးစက်မှု တိုးလာတာကြောင့် ပြည်နယ်အာဏာပိုင်တွေဟာ ဈေးဆိုင်တွေနဲ့ ကမ်းခြေတွေကို ပိတ်ပစ်ခဲ့ရပါတယ်။တကယ်လို့ ဖလော်ရီဒါသာ နိုင်ငံတစ်ခု ဖြစ်မယ်ဆိုရင် ဖလော်ရီဒါရဲ့ တစ်နေ့တာ ကူးစက်သူ အရေအတွက်ဟာ အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယ ပြီးရင် စတုတ္ထမြောက် အများဆုံး ဖြစ်လာမှာပါ။
ဖလော်ရီဒါရဲ့ တစ်နေ့တာ ကူးစက်သူ အရေအတွက်ဟာ ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်မ ဖြစ်ခဲ့တဲ့ နယူးယောက်ပြည်နယ်ရဲ့ ဧပြီ ၁၀ ရက် ကူးစက်သူ အရေအတွက် ၁၂,၀၀၀ ကျော် စံချိန်ကိုလည်း ချိုးခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို တိုက်ဖျက်ဖို့အတွက် ဒီဆန်တစ်က ဘားတွေကို ပိတ်ဖို့ ညွှန်ကြားထားပေမယ့် ပြည်နယ်တဝန်း လူအများရှိရာ နေရာတွေမှာ မဖြစ်မနေ နှာခေါင်းစည်းတပ်ဖို့ တောင်းဆိုတာတွေကို သူက လက်မခံဘူးလို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။
ထို့ပြင် အမေရိကန်နိုင်ငံထိပ်တန်း ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီဖော့စီ(Anthony Fauci) က အမေရိကန်နိုင်ငံအနေဖြင့် COVID-19 ကူးစက်မှုအသစ် မြင့်တက်ခဲ့ရခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မည်သည့်အခါမျှ ပိတ်ဆို့မှု မပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု CNBC သတင်းဌာနက ဖော်ပြခဲ့သည်။
“ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျွန်တော်တို့ ဘယ်တုန်းကမှ ပိတ်ဆို့မှု မပြုလုပ်ခဲ့ဖူးဘူး” ဟု စတန်းဖို့ဆေးကျောင်းနှင့် ပြုလုပ်သော အွန်လိုင်း webinar ဆွေးနွေးမှုတစ်ခုအတွင်း အမေရိကန်နိုင်ငံ အရေပြာ နှင့် ကူးစက်ရောဂါဌာန ညွှန်ကြားရေးမှူး ဖော့စီက ထည့်သွင်းပြောကြားခဲ့သည်။

0 comments:

Post a Comment