Monday, July 6, 2020

COVID-19 လူနာအမှတ် C-311 နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

COVID-19 လူနာအမှတ် C-311 အသက် (၄၃) နှစ်အရွယ် အမျိုးသားသည် လွန်ခဲ့သော (၆) လခန့်မှစ၍ လာအိုနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ခဲ့ပြီး (၂၄-၆-၂၀၂၀) ရက်နေ့တွင် လာအိုနိုင်ငံမှ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ဝမ်ပုံဂိတ်သို့ အခြားသူ(၁၈၆)ဦးနှင့်အတူ ပြန်လည်လက်ခံရေးအစီအစဉ်ဖြင့် ဝင်ရောက်ခဲ့ပါသည်။
၎င်းသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီမှ စီစဉ်ပေးသော မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ (၂၅-၆-၂၀၂၀) ည (၇:၃၀) နာရီ အချိန်တွင် တောင်ကြီးမြို့သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ပေးသည့် မော် တော်ယာဉ် တစ်စီးဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ခရီးစဉ်တူသူ (၁၇) ဦးနှင့်အတူ ယင်းနေ့ည (၁၀:၃၀)နာရီ အချိန်တွင် ထွက်ခွာခဲ့ပါ သည်။
အဆိုပါ မော်တော်ယာဉ်သည် (၂၆-၆-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ ရောက်ရှိခဲ့ပါသည်။
သို့သော် လူနာအမှတ် (C-311) သည် လမ်းခုလတ် အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ မလိုက်ပါဘဲ ရန်ကုန်မြို့အနီး အမြန်လမ်းမှတစ်ဆင့် သုံးဘီးဆိုင်ကယ်ဖြင့် တိုက်ကြီးမြို့နယ်၊ အင်းလန်ဂိတ်သို့သွားရောက်ခဲ့ပြီး ဝင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့်ချက်ချင်းအကြောင်းကြားခဲ့ပါသည်။ ၎င်းသည် အဆိုပါနေ့တွင်ပင် ဝင်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူး စီစဉ်ထားသောကားဖြင့် ကမာရွတ်မြို့နယ်၊ ပညာရေးတက္ကသိုလ်ဝင်းအ တွင်းရှိ ဧကရီဆောင်သို့သွားရောက်ခဲ့ပြီး ည (၈:၃၀) နာရီအချိန်ခန့်တွင် ရောက်ရှိကာ Quarantine ဝင်ရောက်ခဲ့ပါသည်။
ထိုသူ (C-311) ထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၄-၇-၂၀၂၀) ရက်နေ့ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် တောင်ဥက္ကလာပအထူးကုဆေးရုံတွင် သီးခြားထားရှိ၍ ဆေးဝါး ကုသမှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါသည်။ ယနေ့နံနက်စစ်ဆေးချက်များအရ လူနာ၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်ပါသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးများရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ လူနာနှင့် ကားတစ်စီးတည်း အနီးကပ် ထိတွေ့ခဲ့သည့် (၁၇) ဦးအား ဓာတ်ခွဲနမူနာရယူကာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိသူ (၅)ဦးနှင့် ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ (၁၂) ဦး ရှိပါသည်။ ထို့အပြင် လူနာနှင့် ထိတွေ့ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် (၁၂) ဦးအားလည်း သီးခြားထားရှိ၍ ဓာတ်ခွဲနမူနာရယူကာ (၅-၇-၂၀၂၀) ရက်နေ့ တွင် ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ထားပြီးဖြစ်ပါသည်။
ထိုသို့လာအိုနိုင်ငံမှ ပြန်လည်ဝင်ရောက်လာခဲ့ကြသူများကို သက်ဆိုင်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကျန်းမာရေးပညာပေး လုပ်ငန်းများအား လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေး ပညာပေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် Quarantine ဝင်ရောက်ရန်အတွက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

0 comments:

Post a Comment