Tuesday, July 14, 2020

ရုရှားတွင် စစ်သတင်းထောက်ဟောင်းအား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆို။ နေတိုးစစ်စာချုပ်အဖွဲ့ဝင် ပြည်ပနိုင်ငံ၏ စည်းရုံးခြင်းခံထားရပြီး စစ်ရေးလျှို့ဝှက်ချက်များအား အမေရိကန်သို့ ပေးအပ်ခဲ့ဟု ပြော။ ကန့်ကွက်ဆန္ဒပြသူများပါ အဖမ်းခံရ

ရုရှားနိုင်ငံတွင် ယခင်စစ်သတင်းထောက်ဟောင်း အိုင်ဗန်ဆဖရိုနော့ဗ်အား နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့် တရားစွဲဆိုလိုက်ရာ အပြစ်ကျူးလွန်ထင်ရှားသည်ဟု စီရင်ခြင်းခံရလျှင် ထောင်ဒါဏ်အနှစ်-၂၀ ကျခံရဖွယ်ရှိသည်ဟု Al Jazeera က ယနေ့ရေးသားသည်။
သတင်းမီဒီယာသမားတစ်ဦးကို မဆီလျော်သောပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆိုသည်ဟုဆိုကာ ဆဖရိုနော့ဗ်အား ရုံးထုတ်ရာအနီး ကန့်ကွက်ဆန္ဒပြရန် စုရုံးရောက်ရှိလာသော သတင်းမီဒီယာသမား ၁၂-ဦးခန့်ကိုလည်း တနင်္လာနေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဆို၏။
တံခါးပိတ်လျှက် တရားရုံးတော်၌ ဆဖရိုနော့ဗ်အား စစ်မေးရာတွင် လုံခြုံရေးအထူးတင်းကြပ်ထားခြင်းကြောင့် အသေးစိတ်အချက်အလက်များ မသိရှိရချေ။
ဆဖရိုနော့ဗ်သည် လွန်ခဲ့သည့် မေလ၌ စစ်သတင်းထောက်အဖြစ်မှ နှုတ်ထွက်ကာ ရုရှားအာကာသအေဂျင်စီ Roscosmos ညွှန်ကြားရေးမှူး ဒီမီထရီ ရီကိုဇင်၏ အကြံပေးအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့သူဖြစ်သည်။ ရုရှားနိုင်ငံက အရှေ့အလယ်ပိုင်းနှင့် အာဖရိကသို့ လက်နက်တင်ပို့ခြင်းနှင့် သက်ဆိုင်သော အထောက်အထားများအား လက်ဝယ်တွေ့ရှိမှုဖြင့် ဆဖရိုနော့ဗ်ကို ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ စာရွက်စာတန်းများကို နေတိုးစစ်စာချုပ်အဖွဲ့ဝင် ချက်သမ္မတနိုင်ငံမှတဆင့် အမေရိကန်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း စွပ်စွဲခြင်းခံရပြီး၊ ဆဖရိုနော့ဗ်ကမူ စွပ်စွဲချက်မမှန်ကြောင်း ငြင်းဆိုထားသည်ဟု ၎င်း၏ ရှေ့နေဖြစ်သူက ပြောကြားသည်။
ဆဖရိုနော့ဗ်သည် ထင်ရှားသော “ ကွန်မားဆင့် “ နှင့် “ ဗီဒိုးမော့စတီ “ နေ့စဉ်သတင်းစာတို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်၊ ရုရှားနိုင်ငံ၏ လက်နက်တင်ပို့မှု၊ စစ်ဘက်ဆိုင်ရာစက်မှုရေးရာများအကြောင်း အထူးပြု သုံးသပ်ရေးသားသူဖြစ်သည်။ ရုရှားနိုင်ငံရွေးကောက်ပွဲတွင် သမ္မတဗလာဒီမာပူတင်၏ ဖုံးကွယ်ထားမှုများပတ်သက်သော အထောက်အထားများကို ဖော်ထုတ်ခဲ့သူများအနက် တစ်ဦးဖြစ်ကြောင်း Al Jazeera က ဖော်ပြသည်။
ဆဖရိုနော့ဗ်၏ လက်ဝယ်တွေ့ရှိသည်ဆိုသော စာရွက်စာတန်းများမှာ လုံခြုံရေးအဆင့် လျှော့ချထားသော အချက်အလက်များသာဖြစ်ပြီး ကြီးလေးသော ပုဒ်မဖြင့် တရားစွဲဆိုခြင်းမှာ ဆီလျော်ခြင်းမရှိကြောင်း မီဒီယာသမားအချို့က ပြောဆိုသည်။ ဆဖရိုနော့ဗ်တွင် အပြစ်မရှိကြောင်း လှုပ်ရှားမှုဗွီဒီယို ၁-ခုကို တရား ရုံးတော်သို့ တင်ပြမည်ဖြစ်ပြီး ထောက်ခံသူ ၅၅၀၀၀ တို့က လက်မှတ်ရေးထိုးထားကြောင်း ပြောဆိုသည်။
ရုရှားနိုင်ငံ ပြည်ပထောက်လှမ်းရေးဌာနအကြီးအကဲကမူ ပြည်သူလူထုတို့အနေဖြင့် တရားစီရင်ရေးတွင် ဝင်ရောက်စွက်ဖက်ဖိအားပေးရာမရောက်အောင် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းသည်။
ရုရှားနိုင်ငံ ဖက်ဒရယ်လုံခြုံရေးဋ္ဌာန၏ သတင်းရင်းမြစ်များအရ ဆဖရိုနော့ဗ်သည် ၂၀၁၂-ခုနှစ်တွင် ချက်သမ္မတနိုင်ငံထောက်လှမ်းရေး၏ စည်းရုံးခြင်းခံရသူဖြစ်ကြောင်း၊ ၂၀၁၇-ခုနှစ်မှစတင်ကာ ရုရှား၏ ပြည်ပလက်နက်တင်ပို့ခြင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို VeraCrypt စာဝှက်ပရိုဂရမ်ကိုအသုံးပြုလျှက် အင်တာနက်မှတဆင့် ပေးပို့နေခဲ့သည်ဟု ယုံကြည်လျှက်ရှိကြောင်း Russia Today က ယနေ့ရေးသားသည်။
(( နိုင်ငံအတော်များများတွင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ၊ နိုင်ငံတော်သစ္စာဖောက်မှုတို့မှာ အလွန်ကြီးလေးသော ပြစ်မှုကြီးများဖြစ်ကြပါသည်။
အမေရိကန်နိုင်ငံ၏ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေကို ပထမကမ္ဘာစစ်တွင် အမေရိကန်နိုင်ငံ စစ်အတွင်းပါဝင်လာပြီးနောက် ၁၉၁၇-ခုနှစ်၌ ပြဌာန်းခဲ့ခြင်း ဖြစ်သည်။ ယခင် ဗြိတိသျှလက်အောက် ဥပဒေကို အခြေခံထားခြင်းဖြစ်သည်။ ဗြိတိသျှကိုလိုနီဟောင်းများဖြစ်ကြသော အိုင်ယာလန်၊ ဟောင်ကောင်၊ မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ စင်္ကာပူတို့တွင် ကာလတစ်ခုထိ အသုံးပြုခဲ့ကြ၍ သြစတေးလျှနှင့် နယူးဇီလန်တို့ကလည်း အသုံး ပြုခဲ့ဖူးသည်။
၂၀၀၉-ခုနှစ် အီရတ်နိုင်ငံ အမေရိကန်စစ်စခန်းတွင် ထောက်လှမ်းရေးဆိုင်ရာ သတင်းသရုပ်ခွဲဆန်းစစ်ရေးဌာန၌ ဘရက်ဒလီအက်ဒဝပ်မန်းနင်းအမည်ဖြင့် တပ်သားအဖြစ် အမှု့ထမ်းခဲ့သူ ချယ်ဆီးမန်းနင်းသည် အစိုးရလျှို့ဝှက်ချက်ဆိုင်ရာ စာရွက်စာတန်းများ ပေါက်ကြားစေမှု့ဖြင့် ၂၀၁၀-ခုနှစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ဖက်ဒရယ်စစ်ခုံရုံးတွင် ၃-နှစ်ကြာ စစ်ဆေးပြီးနောက် အက်ဒဝပ်မန်းနင်းသည် စစ်ဖက်နှင့် သံတမန်ရေးရာ ကြေးနန်းများ၊ စစ်မြေပြင်ဆိုင်ရာပုဂ္ဂိုလ်တို့အမည်ပါ စာရွက်စာတန်း ၇၀၀,၀၀၀ ကျော်ကို ဝီကီလိခ်သို့ ပေးအပ်ခြင်း ဖြင့် ၁၉၁၇-ခုနှစ် ပြည်ထောင်စုလျှို့ဝှက်ချက်အက်ဥပဒေအား ဖေါက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားသည်ဟု ၎င်းအား ထောင်ဒါဏ် ၃၅-နှစ် ပြစ်ဒါဏ်ချမှတ်ခဲ့သည်။
၂၀၁၃-ခုနှစ်၌ ၎င်းအား ပြစ်ဒါဏ်ချမှတ်သည့်နေ့မှာပင် သူသည် မွေးရာပါ ဒွိလိင်ပိုင်ရှင်ဖြစ်ပြီး မအင်္ဂါ ထင်ရှားသူ ဖြစ်ကြောင်း၊ ဆေးကုသမှု့ခံ၍ မိန်းမဘဝအဖြစ်သို့ပြောင်းလဲခွင့်ပြုပါရန် မန်းနင်းက လျှောက်ထားသဖြင့် ခွင့်ြ့ပုချက် ရရှိခဲ့သည်။ လိင်ပြောင်းလဲ၍ ချယ်ဆီးအဲလိဇဘက်မန်းနင်းအမည်ဖြင့် မိန်းမတစ်ဦးဖြစ်လာသူအား အမေရိကန်ပြည်တွင်းနှင့် ကမ္ဘာအရပ်ရပ်မှ ဂရုဏာသက်ကာ ပြစ်ဒါဏ်မှ လွတ်ငြိမ်းခွင့်ပြုရန် တောင်းဆိုမှု့ ပြင်းထန်သွားခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းအချို့က ဆုတံဆိပ်များ ချီးမြှင့်ကြပြီး နိုဘယ်ငြိမ်းချမ်းရေးဆု အမည်စာရင်း တင်သွင်းရန်အထိ ပြောဆိုသူ ထွက်ပေါ်ခဲ့သည်။
၂၀၁၇-ခုနှစ်တွင် ရွေးကောက်ပွဲအနိုင်ရသူ ဒေါ်နယ်ထရမ့်သို့ ရာထူး အပြောင်းအလဲပြုလုပ်ပေးရတော့မည့်ဆဲဆဲ သမ္မတအိုဘားမားသည် ပြည်တွင်းပြည်ပဖိအားများကြောင့် ချယ်ဆီးမန်းနင်းအား ပြစ်ဒါဏ်မှ လျှော့ပေါ့ပေးခဲ့ရာ ထိုအချိန်တွင် ၎င်း၏ အကျဉ်းကျ သက်တမ်း မှာ ၇-နှစ် ရှိနေပြီဖြစ်သည်။
ထိုနောက် လွန်ခဲ့သည့်နှစ် မတ်လ ၉-ရက်နေ့တွင် အမေရိကန်စစ်ဖက်ထောက်လှမ်းရေးအမှုထမ်းဟောင်း ချယ်ဆီးမန်းနင်းအား ထပ်မံတရားစွဲဆိုပြန်သည်။ အမေရိကန် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားစေမှုနှင့် ဆက်နွယ်လျှက် တရားရုံးတော်ရှေ့မှောက် စစ်မေးသည်ကို ငြင်းဆိုသဖြင့် ချုပ်နှောင်ထားခြင်းခံရသည်။ ထိန်းသိမ်းရေးစခန်း၌ ချုပ်နှောင်ထားခြင်းခံရစဉ် ချယ်ဆီးမန်း နင်းက အခန်းအတွင်း အိပ်ယာခင်းအားအသုံးပြု၍ ကြိုးဆွဲချသေရန် ကြံစည်ကြောင်း သတင်းထွက်ပေါ်သည်။ ထို့နောက် ရုံးတော်အား မထီမဲ့မြင်ပြုမှုဖြင့် ဒါဏ်ငွေ ၂၅၆,၀၀၀ ခန့် ဒေါ်လာပေးဆောင်စေရန် အမိန့်ချ မှတ်သည်။
ဒုတိယအကြိမ် ချယ်ဆီးမန်းနင်းအဖမ်းခံရခြင်းနှင့် မရှေးမနှောင်း အဖမ်းခံရသူမှာ ဝီကီလိခ်ပူးတွဲတည်ထောင်သူ ဂျူလီယန်အက်ဆေ့န်ချ် ( ၄၈-နှစ် ) ဖြစ်သည်။ ၂၀၁၉-ခုနှစ် ဧပြီ ၁၁-ရက်နေ့တွင် လန်ဒန်မြို့ အီကွာဒိုနိုင်ငံသံရုံးအတွင်း ပုန်းအောင်းခိုလှုံနေသူ ဂျူလီယန်အက်ဆေ့န်ချ်ကို လန်ဒန်ရဲတို့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။ အီကွာဒိုးက နိုင်ငံရေးခိုလှံုခွင့် ရုတ်သိမ်းပြီး နာရီပိုင်းအတွင်း အဖမ်းခံရခြင်းဖြစ်ပြီး ဗြိတိသျှ အာမခံအက်ဥပဒေအား ချိုး ဖောက်မှု့ဖြင့် ထောင်ဒါဏ် ရက်သတ္တပတ် ( ၅၀ ) ချမှတ်ခြင်းခံရသည်။
အက်ဆေ့န့်ချ်အား လုံခြုံရေးအကြောင်းပြချက်ဖြင့် လန်ဒန်မြို့ ဘဲလ်မက်ရှ်အကျဉ်းထောင်တွင် ယခုထိ ဆက်လက်ချုပ်နှောင်ထားပြီး အမေရိကန်အား တရားခံအဖြစ် လွှဲပြောင်းပေးရန် စစ်ဆေးကြားနာ လျှက်ရှိသည်။
ဂျူလီယန်အက်ဆေန့်ချ်အား ဗြိတိန်က အမေရိကန်သို့ လွှဲပြောင်းပေးခဲ့လျှင် စွဲချက်ပေါင်း ၁၈-ချက်ဖြင့် တရားစွဲဆိုခံရမည်ဖြစ်ပြီး ထောင်ဒါဏ် ၁၇၅-နှစ် အပြစ်ပေးခံရဖွယ်ရှိကြောင်း သိရှိရသည်။ ။ သတင်းဘာသာပြန်သူ ))
Source : Al Jazeera., 14 July, 2020
“Russia charges ex-journalist Ivan Safronov with treason.”
Crd : HtayOung / OungMarine #Myanmar_Online_News

0 comments:

Post a Comment