Monday, July 6, 2020

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်တွင် အနုကြမ်းစီးမှု ဖြစ်ပွား

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နယ်မြေ (၁၂) အတွင်းရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဇူလိုင်လ ၆ ရက်၊ နံနက်ပိုင်း အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနက် ၆ နာရီလောက်မှာ အော်သံကြားတော့ ဘေးအိမ်ကလူတွေ ထွက်လာပြီး ရှေ့မှာ ဝိုင်းထားသလို ဖြစ်သွားတော့ အိမ်အနောက်ဘက်ကို ပြတင်းပေါက်ကနေ ထွက်ပြေးသွားတယ်။ သက်သေခံ ဓါးတစ်ချောင်းတော့ ရဲလက်ထဲ အပ်လိုက်တယ်။ ကျူးလွန်သူက တစ်ယောက်ထဲပါပဲ” ဟု အနုကြမ်းစီးခံရသည့် နေအိမ်အနီး နေထိုင်သူ တစ်ဦးက ပြောသည်။
“ဖြစ်တာက မနက် ၆ နာရီ ၅ မိနစ်‌ လောက်မှာပါ။ ချမ်းမြသာစည်၊ နယ်မြေ (၁၂)၊ ရွှေဂူလမ်းထဲမှာပါ။ ဘာမှလည်း မပါသွားဘူး။ အိမ်ရှင် အမျိုးသမီးက စိတ်ထဲမှာ မတင်မကျ ဖြစ်နေလို့ အမှုမဖွင့်ဘူး။ ရဲတပ်ဖွဲ့ကို သတင်းပေးတဲ့ အနေနဲ့ပဲ ပြောထားတာ ရှိပါတယ်” ဟု ချမ်းမြသာစည်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးသန်းမင်းစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါ အနုကြမ်းစီးခံရသည့် နေအိမ်တွင် အိမ်ရှင် အမျိုးသမီးနှင့် ၎င်း၏ သမီးငယ် ၂ ဦးတည်း ရှိနေစဉ် အမည်မသိ အမျိုးသားဟု ယူဆရသူတစ်ဦးက နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး အိမ်ရှင်အမျိုးသမီးအား ဓါးဖြင့် ချိန်ရွယ်၍ ဆွဲကြိုးချွတ်ပေးရန် ပြောဆိုစဉ် သမီးဖြစ်သူမှ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းခံခဲ့ရာ အနုကြမ်းစီးသူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ နေအိမ်အတွင်း ဝင်ရောက်၍ ဓါးထောက်လုယူမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးနှင့် ရဲတပ်ဖွဲ့စခန်းသို့ အမှုဖွင့်တိုင်တန်းခြင်း မရှိဘဲ အသိပေးအကြောင်းကြားမှုသာ ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ဖြစ်စဉ်အား သိရှိခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Ref ; Kanbawza Tai News

0 comments:

Post a Comment