Monday, July 6, 2020

ဖားကန့်တွင် မြေပြို၍ သေဆုံးခဲ့သူများကို လောဘကြောင့်ဟု သုံးနှုန်းသည့် ပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်းအနေဖြင့် ၎င်းတို့၏ မိသားစုဝင်များကို ပြန်လည်တောင်းပန်သင့်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌဝေဖန်ထောက်ပြ

ကချင်ပြည်နယ် ဖားကန့်တွင် သေဆုံးသည့် ရေမဆေးကျောက်ရှာဖွေသူများအား လောဘကြောင့်ဟု သုံးနှုန်း သည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအနေဖြင့် သက်ဆိုင်သူမိသားစုဝင်များကို ပြန်လည်တောင်းပန်သင့်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျကဝေဖန်ထောက်ပြပြောဆိုလိုက်သည်။
ကချင်ပြည်နယ် ဖားကန့်တွင် သေဆုံးသည့်ရေမဆေးကျောက်ရှာဖွေသူများအပေါ် အသုံးအနှုန်းနှင့်ပတ်သက်၍ ဇူလိုင်၆ရက် PEOPLE MEDIA မှ ဆက်သွယ်မေးမြန်းရာတွင် ပြည်သူ့ရှေ့ဆောင်ပါတီဒုဥက္ကဋ္ဌ ဦးကျော်ဇေယျ ကပြောကြားခဲ့ခြင်းဖြစ်သည်။
“အဲဒါဗျာ ကျွန်တော်ကြားကြားချင်း ဖေ့စ်ဘုတ်တင်ထားပါသေးတယ်။ လောဘကြောင့် ဘာညာ အဲဒါတော့ မပြောသင့်ဘူး။ လောဘကြောင့်မဟုတ်ဘူး။ ဝမ်းမဝတာကြောင့်သာဖြစ်တယ်။ အဲဒီလိုသူပြောတာတော့ ဘယ် ပြောသင့်မလဲဗျာ။ အစိုးရအဖွဲ့ရဲ့တာဝန်ရှိသူလေ။ တာဝန်ရှိသူတောင် လောလောဆယ် ဒီကိစ္စကို တာဝန်ယူပြီး အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ခန့်အပ်လိုက်တဲ့တာဝန်အရှိဆုံးပုဂ္ဂိုလ်။ ဒီပုဂ္ဂိုလ်ကဒီလိုစကားမျိုးပြောတာဟာ မကောင်းပါဘူး။ တချို့ကြတော့လည်း ဒါလေးကဘာမှမဟုတ်ပါဘူးဆိုတယ်။ ဒါကရမ်းပြောလို့မရဘူးလေ။ အခု သူပြောတာကို ပြန်တောင်းပန်သင့်တယ်။ ဒါကကိုယ့်ပြည်သူတွေပဲ။ အရင်တုန်းကလည်း ဒီလိုပဲဒီလိုပဲ။ ဒီလိုပဲလို့ မရဘူးလေ။ ဒီလိုပဲကိုပြောင်းလဲချင်လို့ ဒီမိုကရေစီအစိုးရကို မဲပေးလိုက်တာလေ’’ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်ဝှေခါလဂူးချောင် ကျောက်စိမ်းလုပ်ကွက်ဟောင်းမှ မြေစာပုံပြိုကျသောကြောင့် ရေမ ဆေးကျောက်ရှာဖွေသူလူ ၁၇၄ ဦးသေဆုံးခဲ့ပြီး လူ ၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ကျွန်တော့်သဘောထားအမြင်အရ ဒီကိစ္စက သူနဲ့ဆိုင်တယ်။ ဒီပြိုကျတဲ့ဖြစ်စဉ်ကို စုံစမ်းဖို့ သူ့ကိုတာဝန်ပေး တာတောင် ကျွန်တော့်အမြင်ဆိုရင် သူ့ကိုတာဝန်မပေးသင့်ဘူး။ သူကတိုက်ရိုက်တာဝန်ရှိနေတဲ့လူလေ’’ဟု ဦး ကျော်ဇေယျကထပ်မံပြောသည်။
မြေပြိုကျမှုဖြစ်စဉ်အား နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာအမှတ် ၈၄/၂၀၂၀ ဇူလိုင် ၃ ရက် နေ့ရက်စွဲဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ပေးအပ်၍ စုံစမ်းစစ်ဆေးစေခဲ့သည်။

Source - People Media

0 comments:

Post a Comment