Monday, July 6, 2020

ဂမ်ဘီယာတရားရေးဝန်ကြီးဟောင်းကို ကုလသမဂ္ဂတရားရေးလုပ်ငန်းစဉ်မှတ်တမ်းအရာရှိအဖြစ် ခန့်အပ်

ဂမ်ဘီယာနိုင်ငံရဲ့တရားရေးဝန်ကြီးဟောင်း အဘူဘာကာ မာရီတမ်ဘာဒူကို ဇူလိုင် ၁ ရက်ကစပြီး The Mechanism လို့လည်း သိကြတဲ့ နိုင်ငံတကာတရားရုံးများ၏ ကြွင်းကျန်သောလုပ်ငန်းစဉ်တရားရုံးရဲ့ မှတ်တမ်းအရာရှိအဖြစ်ခန့်အပ်လိုက်တယ်လို့ ဇူလိုင် ၂ ရက်မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးအန်တိုနီယို ဂူတားစ်ကကြေညာပါတယ်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီကစပြီး မှတ်တမ်းအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ နိုင်ဂျီရီးယားနိုင်ငံက အိုလူဖီမီအီလီယာ့စ်ဆီ ကနေ တာဝန်လွှဲပြောင်းယူမှာပါ။
တမ်ဘာဒူးဟာ ဂမ်ဘီယာသမ္မတနိုင်ငံရဲ့ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီးအဖြစ် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီကစတင်တာဝန်ယူခဲ့ပြီး အရေးကြီးတဲ့လူ့အခွင့်အရေးနဲ့ တရားရေးပြုပြင်ပြောင်းလဲမှုတွေကို ခေါင်းဆောင်ခဲ့သူပါ။
ဂမ်ဘီယာမှာ တရားရေးဝန်ကြီးအဖြစ်တာဝန်မယူခင် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ The Mechanism မှာ အမှုစစ် အရာရှိရဲ့အထူးလက်ထောက်အနေနဲ့တာဝန်ယူခဲ့ပြီး ရုံးရဲ့ အာရုရှာနဲ့ The Hague ရုံးခွဲတွေမှာ လုပ်ငန်းဆောင်ရွက်နိုင်ရေး အားထုတ်မှုတွေမှာပါဝင်ခဲ့ပါတယ်။
အဲဒီမတိုင်ခင်မှာတော့ တမ်ဘာဒူးဟာ ရဝမ်ဒါနိုင်ငံဆိုင်ရာနိုင်ငံတကာရာဇဝတ်ခုံရုံး ICTR ရဲ့ အမှုစစ်ရုံးမှာ တရားခွင်ရှေ့နေအဖြစ် ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်ကြား၊ ICTR အယူခံရှေ့နေအဖြစ် ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြား တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
၂၀၁၈ ခုနှစ်က အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)ရဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော် ပြ) များ လူ့အခွင့် အရေးချိုးဖောက်ခံရမှုဆိုင်ရာအိုအိုင်စီဝန်ကြီးများကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာပဲ ၂၀၁၉ ခုနှစ်မှာ တမ်ဘာဒူးကို အာဖရိကသမဂ္ဂရဲ့တရားရေးနှင့်ဥပဒေရေးရာအထူးနည်းပညာအထောက်အကူပြုကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ် ခဲ့ပါတယ်။
The Mechanism ဟာ ၂၀၁၀ ပြည့်နှစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကတည်ထောင်ခဲ့တဲ့တရားရုံးဖြစ်ပြီး ယခင်ယူဂိုဆလား ဗီးယားဆိုင်ရာနိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ ရဝမ်ဒါနိုင်ငံဆိုင်ရာနိုင်ငံတကာတရားရုံးတို့ လုပ်ငန်းတာဝန်တွေပြီးဆုံးပြီးနောက် ကျန် ရှိနေတဲ့လုပ်ငန်းစဉ်တွေကိုဆောင်ရွက်ဖို့တာဝန်ယူထားရပါတယ်။
Ref ; People Media

0 comments:

Post a Comment