Friday, July 17, 2020

သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် မန်းရွှေစက်တော်အနီး၌ ဧက ၆၀ အကျယ် ဟိုတယ်ဇုန်တစ်ခု အကောင်အထည်ဖော်ရန် စီစဉ်

ရေမြေတောတောင်၊ ချောင်းမြောင်း ၊ သဘာဝဝန်းကျင် မပျက်မစီးကျန်ရှိနေသေးသည့် မင်းဘူးခရိုင် ၊ ရွှေစက်တော် သာသနာ့နယ်မြေအနီး၌ သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ် ဧက(၆၀)အကျယ် ဟိုတယ်ဇုန်တစ်ခုကို အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဦးမြင့်စိန်ထံမှ သိရသည်။
ရွှေစက်တော် ၊သုံးမိုင်လမ်းခွဲ ၊လှေတင်တံတားအကျော် ညာဘက်ဘေးရှိ မြေဧက ၆၀ ကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ်ခရီးဝန်ကြီးဌာနတို့က လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးထားကြောင်း သိရသည်။
“ ကွန်တိုမြေပုံဆွဲဖို့ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ဆောင်ရွက်နေပါတယ်။ မြေပုံဆွဲပြီးမှ ဟိုတယ်ဇုန်မှာ လမ်းကြောင်းတွေ ဖော်မယ်။ အကွက်တွေရိုက်မယ်။ ဘယ်နေရာက သစ်တော ၊ ဘယ်နေရာက ရေကန် ၊ ဟိုတယ်တစ်လုံးကို ဘယ် နှစ်ဧကပေးမယ်ဆိုတာ စုပေါင်းညှိနှိုင်း Plan ဆွဲပြီးတော့ တင်ပြသွားပါမယ်။ တိုင်းအစိုးရရဲ့ လမ်းညွှန်ချက်ကိုယူပြီးတော့ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်တိုင်ပင်ဆွေးနွေးမှာ ဖြစ်ပါတယ် ” ဟု တိုင်းဦးစီးမှူး ဦးမြင့်စိန်က ရှင်းပြသည်။
သဘာဝအခြေခံခရီးသွားလုပ်ငန်းအား ဘုရားရှင်၏ ပါဒစက်တော်ရာနှစ်ဆူ ဒေသကိုအခြေပြု၍ တောတောင် သဘာဝများ ၊ ဆင်စခန်း ၊ ရွှေစက်တော်ဘေးမဲ့တောရှိ ရွှေသမင်နှင့်ကြယ်လိပ် ၊ ငှက်ကြည့်စင်များ ၊ အဆင့်မီဟိုတယ်မိုတယ်များ ၊ လက်ရာမြောက် ဝါးအိမ်လေးများဖြင့် ပြည်တွင်းခရီးသွားသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်ဟု ၎င်းက ဆိုသည်။
ပင်လယ်ရေမျက်နှာပြင်အထက် (၃၈၁၉)ပေတွင် တည်ရှိသည့် အပူပိုင်းဒေသ၏အိုအေစစ် နတ်ရေကန်တောင် ဒေသ၏ သဘာဝအလှများ ၊ ကော်ဖီခြံနှင့် အော်ဂဲနစ် Farming များ ၊ အရှိုချင်း တိုင်းရင်းသားတို့၏ ဓလေ့များ ၊ ဒေသထွက်ကုန်နှင့် အစားအစာများက ပြည်ပဧည့်သည်များကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၊ ရွှေစက်တော်ဘုရားပွဲမတိုင်မီ လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
Source : Magway Highlight

0 comments:

Post a Comment