Friday, July 24, 2020

အခြေခံစပါးတင်း (၁၀၀) ဈေးနှုန်းကို (၅)သိန်း(၂)သောင်းသတ်မှတ်

၂၀၂၀ ခုနှစ် မိုးစပါးနဲ့ ၂၀၂၁ ခုနှစ်နွေစပါးအတွက် ရည်ညွှန်းစပါးစျေးတင်း(၁၀၀)ကို အခြေခံဈေးနှုန်း ကျပ် (၅၂၀၀၀၀)အဖြစ် သတ်မှတ်လိုက်တယ်လို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ကြေညာလိုက်ပါတယ်။
အစိုဓာတ် (၁၄) ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော် ဖုန်၊ သဲ၊ ခဲ ကင်းစင်တဲ့ အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမယ့် (၄၆)ပေါင်ကိုက် စပါးတစ်တင်း(၁၀၀)ရဲ့ အခြေခံတန်ဖိုးဖြစ်တယ်လို့ ဆိုပါတယ်။
စျေးကွက်ပေါက်စျေးဟာ အခြေခံရည်ညွှန်းဈေးရဲ့အထက်ဆိုရင်တော့ ပေါက်စျေးအတိုင်းဝယ်ယူရမှာဖြစ်ပြီးတော့ ရည်ညွှန်းစျေးရဲ့ အောက်မှာဖြစ်နေရင်တော့ သတ်မှတ်စျေးနှုန်းဖြစ်တဲ့ တင်းတစ်ရာကို (၅၂၀၀၀၀) ကျပ်နဲ့သာ ဝယ်ရမှာပါ။
အခြေခံရည်ညွှန်းနှုန်းနဲ့ ရောင်းချဖို့အခက်အခဲရှိနေတဲ့ တောင်သူ လယ်သမားတွေအနေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ မြို့နယ်ကိုယ်စားလှယ်တွေကိုဖြစ်စေ၊ အသင်းချုပ်ရုံးချုပ်ကိုဖြစ်စေဆက်သွယ်နိုင်တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။
အရင်နှစ်ကတော့ အခြေခံရည်ညွှန်းစပါးစျေးနှုန်းဟာ တင်းတစ်ရာကို(၅၀၀၀၀၀)ကျပ် ဖြစ်တဲ့အတွက် ဒီနှစ်မှာတော့ (၂၀၀၀၀) ကျပ်မြင့်တက်လာတာပဲ ဖြစ်ပါတယ်။
Ref ; O Media

0 comments:

Post a Comment