Saturday, July 18, 2020

အားပျော့သွားခဲ့တဲ့ အစိုးရယန္တရားဖွဲ့စည်းမှု ကို အားကောင်းအောင် ပြန်လုပ်ရမယ်

ထိုင်းနိုင်ငံမှာ အစိုးရ အပြောင်းအလဲတွေ မကြာခဏဖြစ်ခဲ့ပေမဲ့ အစိုးရဋ္ဌာနများဖွဲ့စည်းတည်ဆောက်ထားပုံခိုင်မာအားကောင်းတာကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲပေမဲ့အစိုးရယန္တရားက တိုင်းပြည်စီးပွားရေးနဲ့လူမှုရေးတွေကိုအရှိန်အဟုန်မပျက် ထိန်းနိုင်ခဲ့တာတွေ့ရပါတယ်။
ဒါကြောင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ အစိုးရယန္တရားကို ပိုမိုမြန်ဆန်စွာလည်ပတ်နိုင်အောင် အ ရာရာသတင်းပို့စေပြီး၊ အကြီးအကဲတင်ပြခွင့်ပြုမှ လုပ်ခွင့်ရတာမျိုးမဟုတ်ဘဲ လက်အောက်သို့ အာဏာဖြန့်
ဝေပြီး ၊ တိုင်းဒေသကြီးပြည်နယ်များ တိုးတက်အောင်နဲ့ ဝန်ကြီးဋ္ဌာနများက ကဏ္ဍ (sector)အလိုက်တိုးတက်အောင်လုပ်ခွင့်ပြုခဲ့လို့ ယခင် ငါးနှစ်တာကာလမှာ စီးပွားရေးနဲ့လူမှုရေးအခြေအနေက လက်ရှိအခြေအနေထက်တိုးတက်ခဲ့တယ်ဆိုတာ ငြင်းလို့မရနိုင်တဲ့အချက်ပါ။
၂၀၁၆ ခုနှစ်မှာ လက်ရှိအစိုးရစတင်တာဝန်ယူချိန်မှာ
- အစိုးရယန္တရားဖွဲ့စည်းပုံအပြောင်းအလဲလုပ်ပြီး ဝန်ကြီးဋ္ဌာနများလျှော့ချခြင်း၊
- ဝန်ကြီးဋ္ဌာနနှစ်ခု၊သုံးခုပေါင်းလိုက်ပြီး၊ အတွေ့အကြုံနည်းပါးသောဝန်ကြီးအချို့၊ အသက်အရွယ်ကြီးသဖြင့် အပင်ပန်းမခံနိုင်သော ဝန်ကြီးအချို့ ကြောင့် အစိုးရဋ္ဌာနလုပ်ငန်းလည်ပတ်မှု နှေးကွေးကျဆင်းခဲ့ခြင်း၊
- ဘတ်ဂျက် ချွေတာပြီးဒုဝန်ကြီး မခန့်ခဲ့သဖြင့် ဝန်ကြီးကမြေပြင်ခရီးကွင်းဆင်းမကြီးကြပ်နိုင်ခြင်း၊
- ပြည်ထောင်စုနှင့် တိုင်းဒေသကြီးပြည်နယ်များပေါင်းစပ်ညှိနှိုင်းမှု အားနည်းလာခြင်း၊
စသော အစိုးရယန္တရားဖွဲ့စည်းပုံ အားနည်းချက်ကြောင့် ဝန်နှင့်အားမမျှတော့ပဲ မနိုင်မနင်းဖြစ်ကာ
နိုင်ငံတော်ရဲ့လုပ်ငန်းများနှေးကွေးကျဆင်းခဲ့ကြောင်း၊ဝန်ထမ်းအများစုက သိရှိနားလည် ထောက်ပြပေမဲ့ အစိုးရကတော့ဝန်ကြီးဋ္ဌာနများအားနည်းချက်ကြောင့် အစိုးရ လုပ်ငန်းတွေ ရှေ့မရောက်သလိုမျိုး မှားယွင်းစွာ ပြစ်တင် ဝေဖန်ပြောဆိုမှုအချို့ရှိခဲ့တာတွေ့ရပါတယ်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးခြားဖွဲ့စည်းသင့်သောသုတေသနဦးစားပေးသိပ္ပံနှင့်နည်းပညာဝန်ကြီးဋ္ဌာန၊ စက်မှုဝန်ကြီးဋ္ဌာန အစရှိတဲ့ သီးခြားရပ်တည်အာရုံစိုက်လျက်တိုးတက်အောင်မြှင့်တင်ရမည့်ဝန်ကြီးဋ္ဌာနများကို သီးခြားပြန်လည်ဖွဲ့စည်းရမှာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနအပြင် လုပ်ငန်းသဘောသဘာဝမကွာခြားသည့် ဝန်ကြီးဋ္ဌာနအချို့ကို တိုးချဲ့ဖွဲ့ စည်းပြီး၊ လိုအပ်သောဋ္ဌာနများကို တိုးချဲ့ခြင်းမရှိသောကြောင့် မနိုင်မနင်းဖြစ်နေသောဋ္ဌာနအချို့ရှိနေပါတယ်။
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့်အစိုးရယန္တရားခိုင်ခံအားကောင်းပြီး၊လက်အောက်သို့အာဏာဖြန့်ဝေမှု ပိုမိုပေးလျက် နိုင်ငံတော်၏ စီးပွားရေးနှင့်လူမှုရေး တိုးတက်အောင် ဆောင်ရွက်နိုင်စွမ်းရှိသည့်အစိုးရယန္တရားဖွဲ့စည်းပုံမှန်ကန်ကောင်းမွန်ရေး ဦးတည်ကြိုးပမ်းသွားမှာဖြစ်ကြောင်းအသိပေးဖော်ပြအပ်ပါတယ်။
ဒေါက်တာနန္ဒာလှမြင့်(ပြည်ခိုင်ဖြိုးပါတီ)

0 comments:

Post a Comment