Saturday, July 11, 2020

နီပေါနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ၂၃ ဦးထက်မနည်းသေဆုံးကာ ပျောက်ဆုံးသူ များစွာရှိနေကြောင်းသိရ

နီပေါနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ နိုင်ငံအနောက်ပိုင်းမှာ လူဦးရေ ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
နီပေါနိုင်ငံ၏ မြို့တော် ခတ္တမန္ဒူ အနောက်မြောက်ဘက် ၂၀၀ ကီလိုမီတာအကွာရှိ Myagdi ခရိုင်မှာ လူ ၉ ဦးသေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးနေကြောင်းနဲ့ သောကြာနေ့က ယင်းခရိုင်မှာ နေအိမ်များစွာ ပျက်စီးခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဂီယန်နာ့သ် ဒါကာ က ပြောဆိုပါတယ်။
ဝေးလံသီခေါင်တဲ့အရပ်တွေက ရေဘေးသင့်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေ သွားရောက်နေပြီဖြစ်ကာ သေဆုံးသူဦးရေ တိုးလာဖွယ်ရှိနေကြောင်း ဒါကာက ပြောဆိုခဲ့ပြီး ရဟတ်ယာဉ်တွေ သုံးကာ ကယ်ဆယ်ပေးထားသူ ၅၀ ခန့်ရှိတယ်လို့ဆိုခဲ့ပါတယ်။ ယင်းခရိုင်ရဲ့ အိမ်နီးချင်း ကာဆကီခရိုင်မှာတော့ လူ ၇ ဦး သေဆုံးခဲ့တယ်လို့ ကမ္ဘာလှည့်ခရီးသွားမြို့ ပိုခရာမှ အရာရှိတစ်ဦးက ပြောဆိုပါတယ်။ ကာဆကီခရိုင်အနောက်ဘက်ရှိ ဂျာဂျာကော့ခရိုင်မှာလည်း သေဆုံးသူ ၇ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
“ပျောက်ဆုံးနေတဲ့ လူ ၈ ဦးကို ကျွန်တော်တို့ ရှာဖွေနေကြပါတယ်” လို့ အကြီးတန်းရဲအရာရှိတစ်ဦးဖြစ်သူ ကစ်ရှိုး ရှာရက်စ်သာက ပြောဆိုပါတယ်။
အိန္ဒိယနယ်စပ် တောင်ပိုင်းလွင်ပြင်ဒေသရှိ Koshi မြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီလို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ နီပေါနိုင်ငံမှာ နှစ်စဉ် ဇွန်လမှ စက်တင်ဘာလအတွင်း ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။
Ref : CNA
Crd : Akonthi

0 comments:

Post a Comment