Friday, July 24, 2020

လာအို၌ ကိုဗစ်-၁၉ကင်းစင်ပြီး ရက်ပေါင်းတစ်ရာကျော်တွင် လူနာသစ်ပြန်တွေ့

လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကင်းစင်ခဲ့သည်မှာ ရက်ပေါင်း၁၀၂ ရက်ရှိလာချိန်တွင် ၂၀ဦးမြောက်လူနာသစ်ဖြစ်သည့် ကိုရီးယားနိုင်ငံသား လျှပ်စစ်ကျွမ်းကျင်ပညာရှင်တစ်ဦးတွင် ရောဂါကူးစက်ခံထားရကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနကအတည်ပြုသည်။
ရေအားလျှပ်စစ်စီမံကိန်းတစ်ခု၌ တာဝန်ထမ်းဆောင်နေသည့် အသက် ၃၂နှစ်အရွယ် ကိုရီးယားလူမျိုးအား ဗီယန်ကျင်းမြို့တော် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပုံမှန်စစ်ဆေးမှုများကိုလုပ်ဆောင်လျက်ရှိသည်။
လာအိုနိုင်ငံသို့မရောက်မီ ၎င်းတွင်ရောဂါလက္ခဏာများမရှိဘဲ အနုတ်လက္ခဏာရှိထားပြီးဖြစ်ကာ မထွက်ခွာမီအတူနေထိုင်ခဲ့မိသားစုဝင်များမှာလည်း တစ်ဦးမှရောဂါလက္ခဏာပြသထားခြင်းမရှိဟု အဆိုပါကိုရီးယားနိုင်ငံသားကပြောသည်။
၎င်းမှာ အိုဆာကာ - တိုကျိုဂျပန် လေကြောင်းလိုင်းဖြင့် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမှတစ်ဆင့် ခရီး သည် ၁၀၉ ဦးနှင့်အတူ QV922Aလေယာဉ်ဖြင့် လာအိုနိုင်ငံသို့ ဇူလိုင်၁၈ရက်တွင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မိတ်ဆွေလေးဦးနှင့်အတူလေယာဉ်စီးလာခဲ့ခြင်းဖြစ်သည်။
၎င်းတို့ငါးဦးမှာ ဟိုတယ်သို့ မီနီဗင်ကားတစ်စီးဖြင့်သွားရောက်ခဲ့ကြသည်။
ဟိုတယ်သို့ရောက်ရှိပြီးနောက် ၎င်းသည်သတ်မှတ်ထားသောအခန်းတွင် စားသောက်အိပ်စက်ပြီးနောက် ဟိုတယ်ကွာရန်တင်းဝင်ခဲ့သည်။ ၎င်းအားဟိုတယ်ဝန်ထမ်းက တစ်ရက်နှစ်ကြိမ်ကိုယ်ပူချိန်တိုင်းခဲ့ပြီး အခန်းပြင်သို့ထွက်ခဲ့ခြင်းမရှိသကဲ့သို့ သန့်ရှင်းရေးလုပ်ရန် မည်သူ့ကိုမှဝင်ရောက်ခွင့်မပေးထားကြောင်း အတည်ပြုထားသည်။
ယင်းနောက် ဇူလိုင်၂၂ရက်တွင် ကျန်းမာရေးအရာရှိများနှင့် ခရိုင်အာဏာပိုင်များက ဟိုတယ်ဧည့်သည်များအား ပုံမှန်စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ဇူလိုင် ၂၃ ရက် ည ၉နာရီတွင် ၎င်း၌ကိုဗစ်၁၉ရောဂါကူးစက်ခံထားရကြောင်းတွေ့ရှိပြီးနောက် ဗီယန်ကျင်းမြို့တော်ရှိ မစ်တဖက် ချစ်ကြည်ရေးဆေးရုံသို့ ချက်ခြင်းပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့သည်။
“ဒီကိစ္စကရှင်းပါတယ်။ ဒါဟာဒုတိယလှိုင်းမဟုတ်ပါဘူး။ လာအိုကိုသူရောက်ကတည်းက သီးသန့်ထားရှိတဲ့ပြဿနာပါ။” ဟု လာအို ဒုတိယကျန်းမာရေးဝန်ကြီး‌ ဖထုန်မူအန်ပက်ကပြောသည်။
ယင်းရောဂါကူးစက်ခံထားရသူအသုံးပြုခဲ့သည့် မီနီဗင်၊ ဟိုတယ်နှင့်လေယာဉ်တို့အား ကျန်းမာရေးတာဝန်ရှိသူများက စနစ်တကျသန့်စင်ထားပြီးဖြစ်ပြီး ၎င်းနှင့်အနီးကပ်ထိတွေ့ခဲ့သည့် ၁၇ ဦးအပါအဝင် ခရီးသည်အားလုံးနှင့် လေယာဉ်အမှုထမ်းများတွင် ရောဂါကူးစက်မှုမရှိကြောင်းတွေ့ရှိပြီး ၎င်းတို့အားလုံးကို ၁၄ ရက် သီးသန့်ထားကာ အနီးကပ် စောင့်ကြည့်လျက်ရှိသည်။
လာအိုနိုင်ငံ၌ ဧပြီ၁၂ရက်က လူနာအမှတ်၁၉ကို နောက်ဆုံးတွေ့ရှိပြီးနောက် လူနာသစ်မတွေ့သည့် ရက်ပေါင်းတစ်ရာကျော်လာပြီးနောက် ယခုလူနာအားတွေ့ရှိခဲ့ခြင်းဖြစ်သည်။
Ref ; The Standard Time Daily

0 comments:

Post a Comment