Tuesday, July 21, 2020

မိုးမောက်မြို့နယ်၌ တာပိန်မြစ်ရေကြီးပြီး လယ်ဧကပေါင်း ထောင်နဲ့ချီ ရေနစ်မြုပ်နေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဆက်တိုက်ရွာသွန်းတာကြောင့် တာပိန်မြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းဘေးတလျှောက်က လယ်ကွင်းတွေ ထဲရေဝင်လို့ ဧကပေါင်းထောင်နဲ့ချီတွေ စပါးပင်တွေ ရေလွှမ်းသွားပါတယ်။
ဇူလိုင် ၁၇ ရက်နေ့ကတည်းက လယ်ထဲကိုရေတွေဝင်ရောက်လာရာမှာ ၁၉ ရက်နေ့မှာ စပါးပင်တွေလုံးဝမမြင်ရတော့တဲ့ထိ ရေပြင်ကြီးဖြစ်သွားတယ်လို့ မန်နောင်ရွာသား စိုင်းဝဏအောင်က ပြောပါတယ်။
“အနိမ့်ပိုင်းဆို ရေပြင်ကြီးဘဲမြင်ရတော့တယ်။ လယ်ကွင်းဘယ်လောက်မြုပ်သွားလဲဆိုရင် ကျနော်တို့ မန်နောင်တစ်ရွာထဲတင် ဧကပေါင်း ၂၇၀၀ ကျော်တယ်လို့ ကျေးရွာစာရေးကပြောတယ်။ ဒီတာပိန်မြစ်ကြောတလျှောက်မှာတော့ ကျနော်တို့ရွာက အကြီးဆုံးပဲ။ နောက် ပန်ချိုးဟိုင်၊ နောင်ပေါင်း၊ တာဟိုက်လူင်၊ ခုံဆင့်ရွာသစ်၊ ခုံဆင့်ရွာဟောင်း၊ အောင်တံခွန်၊ ချောင်းဝ၊ စီကော် စတဲ့ရွာတွေရှိသေးတယ်၊ သူတို့လယ်တွေလည်း မြှုပ်တယ်ပြောတယ်။ ဘယ်လောက်များလဲ မသိဘူး။ ကျနော့အထင် ဒီတာပိန်မြစ်တကြောလုံးဆိုရင် ရေမြုပ်ခံရတဲ့လယ်တွေ ဧကပေါင်း လေး၊ ငါး ထောင်တော့ရှိလိမ့်မယ်။ စပါးပင်တွေ ပုပ်လားမပုပ်လားဆိုတာတော့ ရေအားလုံးကျသွားမှ မြင်ရ မယ်ခင်ဗျ။”
ပြီးခဲ့တဲ့နှစ်တွေက ရေကြီးလို့စပါးပင်တွေ ပျက်စီးဆုံးရှုံးသွားရင် ပြန်စိုက်တာတွေရှိကြောင်း၊ ဒီနှစ်မှာတော့ ပြန်စိုက်ဖို့ရာ အချိန်တွေနောက်ကျနေပြီး ကောက်ပင်တွေကို ပက်ကြဲစနစ်နဲ့ စိုက်တာကြောင့် နွံအောက်ရောက်နေလို့ ပြန်ပေါက်မပေါက်ကို မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
ခုလိုလယ်တွေရေလွှမ်းနေတာကို အုပ်ချုပ်ရေးပိုင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တာဝန်ရှိ သူတွေ လာရောက်စစ်ဆေးတာတော့ မတွေ့သေးဘူးလို့ သိရပါတယ်။
ဒီဒေသမှာ အရင်နှစ်တွေကလည်း မိုးတွင်းဆိုရင် တာပိန်မြစ်ရေတက်ပြီး ရေကြီးနေကျဖြစ်ပြီး ဒီနှစ်ကတော့ ခါတိုင်း ထက်ပိုဆိုးလို့ သက်ဆိုင်ရာက လာရောက်စစ်ဆေးပြီး လိုအပ်တာတွေ ကူညီထောက်ပံ့ပေးစေချင်တယ်လို့ ဒေသခံ လယ်စိုက်တောင်သူတွေက ပြောပါတယ်။
Ref ; DVB

0 comments:

Post a Comment