Sunday, July 12, 2020

သမ္မတဒူတာတေး အမြင်မကြည်သည့် ဖိလစ်ပိုင်သတင်းဌာန လိုင်စင်သက်တမ်း ထပ်တိုးခွင့်မရ

ဖိလစ်ပိုင် တာဝန်ရှိသူများသည် နိုင်ငံတွင်း ထိပ်တန်းအသံလွှင့်ဌာနတစ်ခုအား ၂၅ နှစ်စာလိုင်စင်သက်တမ်း အသစ်တိုးမှုကို ခွင့်မပြုဘဲ ငြင်းပယ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ABS-CBN ကော်ပိုရေးရှင်းအား ယခုကဲ့သို့ ရုပ်သံနယ်ပယ်မှ ဖယ်ထုတ်လိုက်ခြင်းသည် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ နိုင်ငံရေးဖိနှိပ်မှု လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
ABS-CBN ကော်ပိုရေးရှင်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းပေါင်း ၁၁၀၀၀ ခန့်ရှိပြီး ၎င်းတို့၏ တင်ဆက်မှုအစီအစဉ်များကို အားပေးသူဖိလစ်ပိုင်နိုင်ငံသားပရိသတ်ဦးရေမှာ သန်းပေါင်းများစွာရှိသည်။
ABS-CBN ကော်ပိုရေးရှင်းအား “လုပ်ပိုင်ခွင့်ချပေးရန် မထိုက်တန်ကြောင်း” အဆိုကို လွှတ်တော်ကော်မီတီ တစ်ရပ်က တစ်ခဲနက် သဘောတူခဲ့သည်။
လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ အာရှဒါရိုက်တာ ဖီလ်ရောဘက်ဆင် က ယခုဖြစ်ရပ်အား မီဒီယာလွတ် လပ်ခွင့်၏ ဝမ်းနည်းဖွယ်ရာနေ့ရက် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ဒူတာတေးအကြိုက်ကို လက်ညှိုး ထောင်ခေါင်းညိတ် လုပ်ဆောင်နေကြသည့် အရာရှိများ၏ မျက်နှာလိုမျက်နှာရ အမူအကျင့်များ အံ့အားသင့်ဖွယ်ရာ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူက ဆိုသည်။
ယခုဆောင်ရွက်ချက်ဖြင့် သတင်းသမားများ၊ ဘလော့ဂါများ၊ ရှေ့နေများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် သဘောထားကွဲလွဲသူများအား ဖိနှိပ်သည့် လက်နက်တစ်ရပ်အဖြစ် အသုံးပြုလာမည်ကို ဝေဖန်သူများက စိုးရိမ်လျက်ရှိသည်။
သမ္မတဒူတာတေးသည် မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ဆောင်ချက်တွင် လူထောင်ချီ သတ်ဖြတ်ခဲ့သည် ဟူသည့် စွပ်စွဲချက်များလည်း ရင်ဆိုင်နေရသည်။ ယခုခဲ့သို့ လိုင်စင်သက်တမ်း တိုးမပေးသည့် လုပ်ရပ်သည် သမ္မတဒူတာတေး၏ အငြင်းပွားဖွယ်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းအပြီး တစ်ပတ်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒူတာတေး၏ ဥပဒေသစ်အရ လုံခြုံရေးအရာရှိများသည် “အကြမ်း ဖက်သမား” ဟု ၎င်းတို့ယူဆသူများအား ဝရမ်းမပါဘဲ ဖမ်းဆီးထိန်းသိမ်းခွင့် ရှိသည်။
Ref ; DMG

0 comments:

Post a Comment