Wednesday, July 15, 2020

ဆင်းရဲသောကလေးငယ်များအတွက် ကျောင်းတွင်းနေ့လယ်စာကျွေးရန်အစီအစဉ်ရှိဟု ပညာရေးဝန်ကြီးဌာန ဆို

ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် ပညာသင်ချိန်တွင် ဆာလောင်မှုကြောင့် အနှောင့်အယှက်မရှိစေရန် ဒေသထွက်အစားအစာများကို ကျောင်းတွင်း နေ့လယ်စာအဖြစ် ကျွေးမွေးရန် အစီအစဉ်ရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှသိရသည်။
ဆင်းရဲနွမ်းပါးသော ကလေးငယ်များသည် နံနက်စာ(သို့မဟုတ်) နေ့လယ်စာမရှိဘဲ ကျောင်းလာတက်ချိန်တွင် ဆာလောင်မှုကြောင့် ပညာသင်ယူရန်အတွက် စိတ်ဝင်စားနိုင်မည်မဟုတ်ဘဲ ပညာသင်ယူရာတွင်လည်း စိတ်အနှောင့်အယှက်များစွာ ဖြစ်နိုင်သောကြောင့် ကျောင်းတွင်းနေ့လယ်စာအဖြစ် ဒေသထွက် အစားအစာများဖြစ်သော ငှက်ပျောသီး၊ ကြက်ဥ၊ မြန်မာမုန့်စသည့်တို့ကို ကျွေးမွေးရန် ပြည်ထောင်စုဝန်ကြီးအနေနှင့် ဆန္ဒရှိကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ရှင်းပြ သည်။
“ကျောင်းတက်ရင် စာအုပ်တွေလည်း အခမဲ့ဖြစ်တယ်၊ ကျောင်းလခလည်း မပေးရဘူး၊ နေ့လယ်စာလည်းကျွေးတယ်ဆိုရင်ကောင်းတာပေါ့၊ ကျောင်းထွက်နိုင်တဲ့ အနေအထားတွေ လျော့ကျသွားမှာပေါ့။ ကျွန်တော်တို့နိုင်ငံအနေနဲ့က ဆင်းရဲတဲ့အတွက်အဲဒီလောက်အထိ ရောက်နိုင်ဖို့ ချက်ချင်းတော့ မလွယ်သေးဘူး”ဟု ၎င်းက ပြောကြားသည်။
ထို့အပြင် စစ်ဘေးသင့်နေသော ဒေသများ၊ ဖွံ့ ဖြိုးမှုအားနည်းနေသော ဒေသများရှိ ကျောင်းများတွင် က လေးငယ်အတွက် စာရေးကိရိယာများအပြင် လွယ်အိတ်၊ ကျောင်းဝတ်စုံ၊ ထီး၊ မိုးကာ စသည်တို့ပါ ထောက် ပံ့ရန် အစီအစဉ်ရှိကြောင်း ဒေါက်တာတင်မောင်ဝင်းက ဆက်လက်ပြောဆိုသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်များကို ဗလာစာအုပ်တစ်ဒါဇင်၊ ဘောလ်ပင် ၂ ချောင်း၊ ခဲတံ ၂ ချောင်း၊ မူလတန်း အဆင့်များအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ ၄ ချောင်းပေးမည့်အပြင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးစီကို အဝတ် Mask ၂ ခု၊ Face Shield ၁ ခုစီပါ ကျောင်းအပ်နှံရေးကာလတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။
လာမည့်ဇူလိုင်လ ၂၁ ရက်တွင် အခြေခံပညာကျောင်းများကို အထက်တန်း မှစ၍ဖွင့်လှစ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုအခြေအနေပေါ် မူတည်၍ အလယ် တန်းအဆင့်နှင့် မူလတန်းအဆင့်တို့ကို တစ်ဆင့်ချင်းစီ ဖွင့်လှစ်နိုင်ရန်စီစဉ် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref ; The Voice

0 comments:

Post a Comment