Tuesday, July 21, 2020

ရေစကြို မြို့နယ်မှ ရေမျောထင်းဆယ်သူများ ထင်းရရှိမှုနည်းပါး

ချင်းတွင်းမြစ်အထက်ပိုင်းမှာ အခုနှစ် မိုးရွာသွန်းမှုနည်းတာကြောင့် မြစ်အောက်ပိုင်းက ရေမျောထင်း ဆယ်ယူသူတွေ ထင်းရရှိမှု နည်းပါးနေတယ်လို့ ပြောပါတယ်။
ရေစကြိုမြို့နယ်က ချင်းတွင်းမြစ်ကမ်းဘေး နေထိုင်သူအချို့ဟာ မြစ်ရေကြီးချိန် ရေမျောထင်း ဆယ်ယူရောင်းချ ကြပြီး အသက်မွေးကြတာဖြစ်ပါတယ်။ မြစ် အထက်ပိုင်း မိုးရွာသွန်းမှု့များတဲ့ နှစ်တွေမှာ တော့ ရေမျောထင်း တစ်နေ့လှေ (၂)စီးကနေ (၃)စီးအထိရတတ် ပေမယ့် လက်ရှိမှာတာ့ တစ်နေ့ လှေ(၁) စီးစာပဲ ဆယ်ယူရရှိနေတယ်လို့ ရေမျောထင်း ဆယ်ယူ နေတဲ့ မအိနွယ်က ပြောပါတယ်။
“မိုး ရွာတဲ့အချိန်ကျတော့ ထင်းကမိုးချောင်းနဲ့ကျတယ်လေ။ အခုက မိုးမရွာ တော့ ချောင်းတွေက မကျဘူး ဖြစ်နေတာ။ မိုးကောင်းမှ ထင်းမျောတာ ၊ မိုးမရွာ တော့ကျတော့ ထင်းကမပါဘူး။ မနှစ်ကဒီလိုအချိန်ဆို တအားကြီး မျောနေပေါ့။ အခုတော့လေ မိုးလည်းမရွာတော့ ဆယ်လည်းမဆယ်ရဘူး။ ကျွန်မတို့ဆယ်တာ ရက် (၂၀) လောက် ရှိအုံးမှာ ကားလေး ၂ စီးပဲ ရောင်း ရသေးတယ် ’’ လို့ မအိနွယ်က ပြောပါတယ်။
ဒီလို ထင်းတွေ ဆယ်ယူပြီး ရောင်းချနေတာ (၆) နှစ်လောက်ရှိနေပြီလို့လည်း မအိနွယ်က ပြောပါတယ်။ ရေမျော ထင်း ထော်လာဂျီ တစ်စီးကို ကျပ် နှစ်သောင်းခွဲနှူန်း နဲ့ ရေစကြိုမြို့က ပဲကြော်ဖိုတွေဆီ ရောင်းချရတယ်လို့လည်း ပြောပါ တယ်။ တော်လာဂျီ တစ်စီးတင်ဆောင်နိုင်တဲ့ ရေမျောထင်းအတွက်ကို လှေနှစ်စီးနဲ့ ဆယ်ယူရ တယ် လို့လည်း သိရပါတယ်။ ရေမျောထင်း ဆယ်သူ တွေဟာ တစ်ရာသီကို ငွေကျပ် ၁၅သိန်းဝန်းကျင် ဝင် ငွေရှိကြတယ်လို့ လည်း ဆိုပါတယ်။
“တကယ်ထင်းဆယ်တဲ့သူဆိုရင် တစ်နှစ်ကို ဆယ်လေးငါးသိန်းအထိ ရကြတယ်။ အခုနှစ်က မနှစ်ကနဲ့ စာရင်တော့ တော်တော်လေး နည်းတယ်။ အထက်မှာမိုး အားနည်း ပုံရတယ် ။” လို့ ရေမျောထင်း ဆယ်ယူ ရောင်းချသူ ဦးမိုးသူ က ပြော ပါတယ်။
ရေမျောထင်း ဆယ်ယူသူတွေဟာ ရေစကြိုမြို့ ရပ်ကွက် အချို့နဲ့ အနီးနားက ကျေးရွာတွေမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ ထင်းဆယ်ဖို့ အတွက်ကိုတော့ နေထိုင်ရာ နေရာကနေ ချင်းတွင်းမြစ် အထက်ပိုင်း ရေမိုင် (၅) ကနေ မိုင်(၂၀) လောက်အထိ ဝေးတဲ့ နေရာတွဆီ သွားရောက် ဆယ်ယူကြတာလည်း ဖြစ်ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment