Friday, July 24, 2020

ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရန် အခက်အခဲရှိနေတဲ့ ကျောင်းသားများကို ပညာသင်စရိတ်ထောက်ပံ့မည်

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်နေ့သင်တန်းတက်ရောက်ရန် အခက်အခဲရှိနေတဲ့ ပထမနှစ်ကျောင်းသားများကို ပညာရေးဝန်ကြီးဌာကနေ ပညာသင်စရိတ်ထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။ ကျောင်းသားတစ်ဦးကို တစ်လလျှင် (၃၀,၀၀၀)ကျပ်နှုန်းနဲ့ (၁၀)လစာထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
အမှန်တကယ် ဆင်းရဲနွမ်းပါးပြီး အခက်အခဲရှိနေတဲ့ ကျောင်းသားတွေကိုသာ ထောက်ပံ့သွားမှာဖြစ်ပြီး ထောက်ပံ့ကြေးရယူလိုတဲ့ ကျောင်းသား၊ကျောင်းသူများရဲ့ နေအိမ်တွေကိုတော့ အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“ ပညာသင်စရိတ်ထောက်ပံ့မယ်ဆိုတာဟုတ်ပါတယ် ။ တရားဝင်လည်းထုတ်ပြန်ကြေညာထားတယ်။ အဓိကကတော့ တက္ကသိုလ်တက်ရောက်ဖို့ အခက်အခဲရှိနေတဲ့သူတွေကိုပါ။ ပညာသင်စရိတ်ထောက်ပံ့ကြေးရယူလိုတဲ့ ကျောင်းသားတွေကိုလည်း သက်ဆိုင်ရာ တက္ကသိုလ်တွေရဲ့ အဖွဲ့အစည်းတွေကပဲရွေးချယ်မယ် ။အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးမှုတွေလည်းလုပ်ခိုင်းထားတယ်”လို့ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောပါတယ်။
ယခုနှစ်အတွက် တက္ကသိုလ်အသီးသီးက ကျောင်းသားများကို ပညာသင်စရိတ်ထောက်ပံ့ဖို့အတွက် ကျောင်းအလိုက် လူဦးရေကို သတ်မှတ်ထားတာဖြစ်ပြီး သတ်မှတ်ကျောင်းသားဦးရေထက် စာရင်းပေးမှုများပါက ဆင်းရဲနွမ်းပါးမှုခြင်းတူနေရင်တောင် ပညာတော်တဲ့သူကို ဦးစားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပညာသင်စရိတ်ထောက်ပံ့ကြေးရတဲ့ ကျောင်းသားတွေအနေနဲ့စာမေးပွဲ ကျရှုံးတာနဲ့ အကျင့်စရိုက်ပျက်ပြားတဲ့ ပြစ်မှုမျိုးကို ကျူးလွန်မိပါက ပညာသင်စရိတ်ထောက်ပံ့မှုကို ရပ်နားခံရမှာဖြစ်တယ်လို့ ဒေါက်တာသိန်းဝင်းကပြောပါတယ်။
ပညာသင်စရိတ်ရရှိတဲ့ ကျောင်းသားတွေအနေနဲ့ ကျောင်းပြီးပါက နိုင်ငံတော်က အလိုရှိရင် နိုင်ငံ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ပါမည်ဆိုတဲ့ ကတိခံဝန်ချက်မှာ လက်မှတ်ရေးထိုးကြရမှာလည်းဖြစ်ပါတယ်။
Ref ; Duwun

0 comments:

Post a Comment