Tuesday, July 14, 2020

တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေသော ပြဿနာနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ပြောဆိုချက်များအား အမေရိကန်နိုင်ငံမှ ပယ်ချခဲ့

အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်ရှိ ကမ်းလွန်သယံဇာတများ နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အငြင်းပွားဖွယ်ပြောဆိုမှုများကို ဇူလိုင်လ ၁၃ ရက်နေ့က ပယ်ချခဲ့ပါသည်။ အဆိုပါ လုပ်ဆောင်မှုသည် နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ဒေသတွင်း တင်းမာမှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံမှ ပြစ်တင်ဝေဖန်ခဲ့ ပါသည်။
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း ၎င်း၏ရည်မှန်းချက်များနှင့် ပတ်သက်၍ ဥပဒေအရ ခိုင်လုံမှုမရှိသည့် ပြောဆိုမှုများလုပ်ဆောင်နေပြီး အခြားသော အရှေ့တောင်အာရှကမ်းရိုးတန်းနိုင်ငံများအား နှစ်ပေါင်းများစွာ ခြိမ်းခြောက်လျက် ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မှ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။
Pompeo မှ တောင်တရုတ်ပင်လယ်အတွင်းရှိ ကမ်းလွန်သယံဇာတများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ပြောဆိုမှုများသည် တရားမဝင်ကြောင်းနှင့် အမေရိကန် နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ပိုင်နက်ဆိုင်ရာ တောင်းဆိုမှုများကို ကာလကြာရှည်ဆန့်ကျင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မှ “တောင်တရုတ်ပင်လယ် အတွင်း တရုတ်အစိုးရ၏ ပင်လယ်ပြင်အင်ပါယာကဲ့သို့လုပ်ဆောင်နေမှုကို ကမ္ဘာကြီး အနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း” ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံရှိ တရုတ်သံရုံး၏ ဇူလိုင်လ ၁၄ ရက်နေ့ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံ၏ စွပ်စွဲချက်များသည် လုံးဝတရားနည်းလမ်းမကျကြောင်း၊ အမေရိကန် နိုင်ငံသည် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းမည်ဆိုသော အကြောင်းပြချက်ဖြင့် အင်အားပြလျက်ရှိပြီး ဒေသတွင်းထိပ်တိုက်ရင်ဆိုင်မှုများနှင့် တင်းမာမှုများ ပိုမိုဖြစ်ပေါ် စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
လွန်ခဲ့သော ၆ လ ကျော်က Coronavirus ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ကိုင်တွယ်ဖြေရှင်းမှု၊ ဟောင်ကောင်အပေါ် တရုတ်နိုင်ငံ၏ တင်းကြပ်စွာ ထိန်းချုပ်မှုနှင့် Uighur မွတ်စလင် အသိုင်းအဝိုင်းအပေါ် တရုတ်နိုင်ငံ၏ နှိမ်နင်းမှုများ ကြောင့် အမေရိကန်နှင့်တရုတ်နိုင်ငံကြား ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့ပါသည်။
တရုတ်နိုင်ငံသည် စွမ်းအင်ကြွယ်ဝသည့် တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းအား တောင်းဆိုလျက်ရှိပြီး ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ် နိုင်ငံတို့မှလည်း ၎င်းအစိတ်အပိုင်းများကို တောင်းဆိုလျက်ရှိပါသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်မှတဆင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ထရီလီယံတန်ဖိုး ခန့် ကုန်သွယ်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် ဒေသတွင်းရှိ သန္တာကျောက်တန်းများ ပေါ်တွင် အခြေစိုက်စခန်းများ တည်ဆောက်ထားသော်လည်း ၎င်း၏ ရည်ရွယ်ချက်များသည် အကြမ်းဖက်မှုမရှိကြောင်း ပြောကြားခဲ့ပါသည်။
Source : Reuters
“U.S. rejects China’s claims in South China Sea, adding to tensions”

0 comments:

Post a Comment