Friday, July 17, 2020

ဇူလိုင်-၁၉တွင်ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့အတွက် အတွင်းဝန်ရုံးဟောင်း(ယခင်ဝန်ကြီးများရုံး)တွင် ပြသထားသည့် ပြကွက်များ

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်များ ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံး ဟောင်း(ယခင်ဝန်ကြီးများရုံး)၌ အစည်းအဝေး ကျင်းပနေစဉ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (စနေနေ့) နံနက် ၁၀ နာရီ ၃၇ မိနစ် တွင် လုပ်ကြံခြင်းခံခဲ့ရပြီး ဗိုလ်ချုပ်နှင့်အတူ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ကျဆုံးခဲ့ရသောကြောင့် ယင်းနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့သည်။
ထိုနေ့သည် မြန်မာနိုင်ငံသူ နိုင်ငံသား များအတွက် အစားထိုး၍ ပြန်လည်မရနိုင် သည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်မှ စတင်၍ အာဇာနည်နေ့ရောက်တိုင်း အတွင်း ဝန်ရုံးဟောင်း (ယခင်ဝန်ကြီးများရုံး)ကို ဇူလိုင်လ ၁၉ ၊ ၂၀၊ ၂၁ ရက်များတွင် ဖွင့်လှစ် ပြသခဲ့ရာ ပြည်သူများ လာရောက်ကြည့်ရှုခွင့် ရခဲ့သော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလဖြစ် သောကြောင့် အာဇာနည်ခေါင်းဆောင်ကြီး များ ကျဆုံးခဲ့သည့်အခန်းနှင့် တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး ခန်းမတို့ကို ဖွင့်လှစ်ပြသခြင်းမပြုတော့ကြောင်း သိရ သည်။
သို့ဖြစ်၍ အတွင်းဝန်ရုံးဟောင်း (ယခင် ဝန်ကြီးများရုံး)တွင် ပြသထားသော သမိုင်းဝင် နေရာများ၊ သမိုင်းဝင်ဓာတ်ပုံမှတ်တမ်းများ၊ စာရွက်စာတမ်းများပြကွက်များကို ပြည်သူများ သိရှိ နိုင်စေရန် သွားရောက်လေ့လာတင်ပြလိုက် ရပါသည်။
အတွင်းဝန်ရုံးကို အနော်မာအနုပညာ အုပ်စုကုမ္ပဏီက ပြုပြင်ထိန်းသိမ်းစောင့်ရှောက် ခွင့်ရရှိခဲ့ရာ ယခုဆိုလျှင် အတွင်းဝန်ရုံးဟောင်း သည် ခံ့ညားထည်ဝါလျက်ရှိသည်။ အတွင်း ဘက်သို့ ဝင်ရောက်လျှင် ပထမဦးဆုံး တွေ့မြင် ရသည်က မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ယခင် ယူနီယံဂျက်အလံအားဖြုတ်ချ၍ နိုင်ငံတော် အလံကို လွှင့်တင်ခဲ့သည့် သမိုင်းဝင် အထင်ကရ နေရာကို တွေ့မြင်ရမည်ဖြစ်ပြီး ၎င်းနေရာ၌ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းဝင် မော်ကွန်းကျောက်စာတိုင်ကို တွေ့မြင်ရမည် ဖြစ်သည်။ ကျောက်စာတိုင်တွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ နာမည်နှင့် ကျဆုံးခဲ့ သည့်အချိန်ကို ကမ္ပည်းရေးထိုးထားသည်။
တိုင်းပြုပြည်ပြုလွှတ်တော် ပါလီမန် သမိုင်းဝင် ကျင်းပရာ အဆောက်အအုံအတွင်း၌ ယူနီယံဂျက်အလံပြကွက်၊ ယူနီယံဂျက်အလံနှင့် ကဒေါင်းပြကွက်၊ ကြယ်ငါးပွင့်အလံပြကွက်၊ လွှတ်တော်ရေးကြေညာစာတမ်း၊ သမိုင်းဝင် စာရွက်စာတမ်းပြကွက်၊ ရန္တပိုစာချုပ် စာရွက် စာတမ်းပြကွက်၊ ကင်းဝန်မင်းကြီးနှင့် သမိုင်းဝင် စာရွက်စာတမ်းပြကွက်၊ ပင်လုံ စာချုပ် စာရွက်စာတမ်းပြကွက်၊ သမိုင်းဝင် တံဆိပ်တော်များနှင့် စာရွက်စာတမ်းများ ပြကွက်၊ မြန်မာပြည်နှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ ပြုပြင်အုပ်ချုပ်ရေးတွဲဖက် ကော်မတီ၏ အစီရင်ခံစာအကျဉ်းချုပ် ပြကွက်၊ နု - အက်တလီစာချုပ် စာရွက် စာတမ်းပြကွက်တို့ကို တွေ့မြင်ရမည်ဖြစ် သည်။
တိုင်းပြုပြည်ပြုလွှတ်တော် ပါလီမန် သမိုင်းဝင်ခန်းမကြီးကို တွေ့မြင်ရမည်ဖြစ် ကာ ၎င်းခန်းမကြီး၌ တိုင်းပြုပြည်ပြု လွှတ်တော် အဆောင်အယောင်များနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်တု ကြီးများထုလုပ်ကာ ကိုယ်ရေးအကျဉ်းများ ရေးသားထားသည့်ပြကွက်ကို ပြသထားပြီး ၎င်းဘေးခန်း၌ ယခင်အတွင်းဝန်များရုံး သတင်းစာမှတ်တမ်းများပြကွက်နှင့် ပထမ မြောက် မြန်မာနိုင်ငံ၏သမ္မတ ညောင်ရွှေ စော်ဘွားစဝ်ရွှေသိုက်၊ ဒုတိယမြောက် မြန်မာနိုင်ငံ၏ သမ္မတ ဒေါက်တာဘဦး၊ တတိယမြောက် မြန်မာနိုင်ငံ၏ သမ္မတ မန်းဝင်းမောင်နှင့် မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနုတို့၏ ပုံတူပန်းချီပြကွက် တို့ကို ပြသထားပါကြောင်း တင်ပြလိုက်ရ ပါသည်။
Crd : The Mirror Daily

0 comments:

Post a Comment