Saturday, July 18, 2020

ကိုဗစ်ကာကွယ်ရေး စံချိန်စံညွှန်းနဲ့မညီတဲ့ စာသင်ကျောင်းတွေကို ဖွင့်ခွင့်ပြုမှာမဟုတ်

ဇူလိုင် ၂၁ ရက်မှာ ပြန်လည်ဖွင့်လှစ်မယ့် အခြေခံပညာအထက်တန်းကျောင်းတွေကို ကိုဗစ်ကာကွယ်ရေးစံ ချိန်စံညွှန်းနဲ့ ညီ၊မညီ စစ်ဆေးမှာဖြစ်ပြီး စံချိန်၊ စံညွန်းနဲ့ မကိုက်တဲ့ စာသင်ကျောင်းတွေကို ဖွင့်လှစ်ခွင့်မပြုဘူးလို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
ဒီကနေ့ဇူလိုင်လ ၁၇ ရက်မှာ နေပြည်တော်မှာပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲထားတဲ့ ဆန်းစစ်မှုပုံစံ (Checklist) မှာ အချက် (၈၀) ခန့်ပါဝင်ပြီး ဆန်းစစ်ချက် ပြည့်မီမှု (A)၊ (B) နဲ့ (C) ဆိုပြီး အဆင့် (၃) ဆင့်ခွဲခြားထားတယ်လို့သိရပါတယ်။ (A)အဆင့်ရတဲ့ ကျောင်းဆိုရင် ချက်ချင်းဖွင့်ခွင့်ရမှာဖြစ်ပြီး (B) အဆင့်ရှိတဲ့ကျောင်းဆို ပြန်လည်ပြင်ဆင်ရမှာဖြစ်ကာ (C) အဆင့်ရတဲ့ကျောင်းဆိုရင်တော့ ဖွင့်ခွင့်မပေးဘူးလို့ ဦးဇော်ဌေးက ဆိုပါတယ်။
“ တကယ်ပြင်ထားတာဟုတ်၊ မဟုတ် ဂိုက်လိုင်းနဲ့ ညီ၊ မညီစစ်ဆေးမယ်။ စစ်တဲ့အခါကျရင် စက်ရုံ၊အလုပ်ရုံတွေစစ်သလိုပဲ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစံချိန်စံညွန်းနဲ့ အညီ ပြင်ဆင်ထားပြီး ပြည့်စုံမှုရှိတဲ့ကျောင်းဆို (A)အဆင့်ပေါ့။ တစ်ချို့ကျောင်းတွေက ထပ်ပြင်ရမယ့်အပိုင်းဆို (B) အဆင့်ပေါ့။ တော်တော်များများကို ပြင်ပြီးပြင်ရမယ့် အပိုင်းဆို (C) အဆင့်ကျောင်းတွေပေ့ါ။ (A) အဆင့်ရတဲ့ကျောင်းဆို ချက်ချင်းဖွင့်ခွင့်ပေးမယ်။ ကျန်တဲ့ကျောင်းတွေဆိုရင်တော့ ဖွင့်ခွင့်မပေးဘူး” လို့ ဦးဇော်ဌေးက ဆိုပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးအဖွဲ့၊ မိဘဆရာအသင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့ (၅) ဖွဲ့က အထက်တန်းကျောင်းတွေကို ဒီကနေ့ ဇူလိုင်လ (၁၇) ရက်ကစတင်စစ်ဆေးဖို့ ကိုဗစ်-၁၉ ဗဟိုကော်မတီထိန်းချုပ်ရေးက ညွန်ကြားထားပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် ကျောင်းတွေပြန်ဖွင့်ချိန် ကျောင်းပြင်ပမှာ လူစုလူဝေးတွေမဖြစ်အောင် လော်စပီကာတွေနဲ့ လိုက်လံပြောမှာဖြစ်ပြီး ကျောင်းပြင်ပအနီးတစ်ဝိုက် လူစုလူဝေးတွေ မလုပ်ဖို့ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့တွေက ထိန်း သိမ်းပေးဖို့လည်း လုပ်ဆောင်မယ်လု့ိ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ဆက်လက်ပြီး ဦးဇော်ဌေးက နိုင်ငံတကာအတွေ့အကြုံတွေအရ ထိုင်းနဲ့ကိုရီးယားမှာ ကိုဗစ်-၁၉ တစ်ကျော့ပြန်ဖြစ်ပွားလာမှုတွေကြောင့် စာသင်ကျောင်းတွေ ပြန်ပိတ်ခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး မြန်မာနိုင်ငံမှာ အဲဒီလို မဖြစ်အောင် သတ်မှတ်ထားတဲ့ ကိုဗစ်ကာကွယ်ရေးစံချိန်၊ စံညွန်းတွေကို လုံးဝလျှော့ပေးမှာမဟုတ်ဘဲ စနစ်တ ကျစစ်ဆေးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာအထက်တန်းကျောင်း (၅၆၃၃) ကျောင်း၊ ဘုန်းတော်ကြီးသင် အထက်တန်းကျောင်း (၃) ကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း (၁၀၀၀) ကျောင်းကို ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အထက်တန်းကျောင်းသား (၁ဒဿမ ၂ ) သန်းဝန်းကျင်တက်ရောက်မှာလည်းဖြစ်ပါတယ်။
Ref ; Duwun

0 comments:

Post a Comment