Monday, July 20, 2020

ဗုဒ္ဓသာသနာအတွက် ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင်သော ၁၅ပါးမြောက် သာသနာ့ အာဇာနည် အရှင်မြတ်တစ်ပါး ထပ်မံထွက်ပေါ်လာ

ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင်သော ၁၅ ပါးမြောက် သာသနာ့အာဇာနည် အရှင်မြတ်တစ်ပါး ထပ်မံပေါ်ပေါက်ခဲ့ကြောင်း ယနေ့(ဇူလိုင် ၂၀ရက်)တွင် ကျင်းပသည့် (၇၂)ကြိမ်မြောက်၊ တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားမှ သိရသည်။
ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည့် အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည်ညိုခဲ့သည်။
အခမ်းအနားတွင် ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင်ခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင်ပညာဝံသာဘိဝံသအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်တွင် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီး ပေါ်ပေါက်လာရခြင်းသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲကျင်းပရာ၌ ပိဋကတ် သုံးပုံ အာဂုံဆောင်သည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ရာ စတင်ကျင်းပသည့် နှစ်မှ ယခုနှစ် (၇၂) ကြိမ်မြောက်အထိ နှစ်စဉ်မပျက်ကျင်းပခဲ့သည်။
ကျင်းပပြီးစီးခဲ့သည့် (၇၂) ကြိမ်အတွင်း ပထမဦးဆုံးသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်း ဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံသ အပါအဝင် သာသနာ့အာဇာနည် ၁၅ ပါးမျှ ပေါ်ထွန်းခဲ့၍ ယခုနှစ်ကျင်းပသည့် စာမေးပွဲ၌ ၁၅ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်တစ်ပါး ထပ်မံပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment