Monday, July 6, 2020

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ဝန်ကြီးများ ရွေးကောက်ပွဲတွင်အလိုမရှိ စာသားပါ စာရွက်များ မုံရွာမြို့ပေါ်မှာ လိုက်လံကပ်ထားမှု ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ ရွေးကောက်ပွဲမှာ အလိုမရှိဆိုတဲ့ စာသားတွေရေးထားတဲ့ စာရွက်တွေကို မြို့ပေါ်မှာလိုက်လံကပ်ထားမှု ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကပြောပါတယ်။
မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးကို ဆက်သွယ်မေးမြန်းရာမှာတော့ "အောင်မင်္ဂလာရပ်ကွက်က စည်ပင်သာယာကြော်ငြာဘုတ်ကလေးမှာ လိုက်ပြီးတော့ ကပ်တာပါ။ တစ်ခြား ရပ်ကွက်တွေမှာတော့ မရှိဘူး။ ကြေးနန်းတော့ တင်ထားတယ်။ ဘယ်သူကပ်လဲဆိုတာတော့ လိုက်ပြီးတော့ စုံစမ်းခိုင်းထားတယ်"လို့ ပြောပါတယ်။
စက္ကူပေါ်မှာ ဆော့ပင်အနီနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နဲ့ ဝန်ကြီးများရွေးကောက်ပွဲမှာအလိုမရှိ ဆိုတဲ့ စာသားပါ စာရွက်တွေကို မုံရွာမြို့၊ မြို့တော်ခန်းမရှေ့မှာ တစ်စောင်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း ဆိုင်းဘုတ်ပေါ်မှာ တစ်စောင် နဲ့ ယာဉ်ထိန်းရဲရုံးရှေ့နားမှာ တစ်စောင် လိုက်လံကပ်ထားတာကို မုံရွာမြို့ပေါ်က ဒေသခံတွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
မုံရွာမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးကိုဆက်သွယ်ရာမှာတော့ "လောလောဆယ်တော့ စုံစမ်း တုန်းပါ။ လောလောဆယ်တော့ အမှုမဖွင့်သေးဘူး။ အပေါ်ကိုပဲ စာတင်ထားတာ ရှိသေးတယ်။ ဘယ်သူလုပ်တယ်ဆိုတာ စုံစမ်းတုန်းပါ"လို့ ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ ဇွန်လ ၈ ရက်နေ့ကလည်း အသက် ၄၀ အရွယ် ဦးမွှေးကြူဆိုသူက စစ်ကိုင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တာဝန်မှရပ်စဲပေးရေး ဒို့အရေး စာသားပါဝင်တဲ့ ဆိုင်းဘုတ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် သမ္မတတင်ပေးရေး ဒို့အရေး၊ လူထုဆန္ဒခံယူပွဲ ၂၀၂၀ တွင် ကျင်းပပေးရေး ၊ မုံရွာတိုင်းမြို့တော် အလုံတပ်မြို့ စစ်ပင် မွှေးကြူ ဆိုတဲ့ စာသားတွေပါတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆိုင်ပြီးတော့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တာတွေလည်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment