Monday, July 13, 2020

ဘင်္ဂလားဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကျရောက်နေသော်လည်း နျူကလီယားဓါတ်အားပေးစက်ရုံကို အလျှင်အမြန်တည်ဆောက်ပြီး ၂၀၂၃ ခုနှစ်တွင် စတင်လည်ပတ်ရန် ပြည်ပအလုပ်အင်အားဖြည့်တင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါကျရောက်နေသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် မဟာစီမံကိန်း ကြီးများကို အားသွန်ခွန်စိုက် ဆက်လက်တည်ဆောက်နေသည်။ ၎င်းတို့တွင် အမေရိကန် ဒေါ်လာ ၁၂.၆၅ ဘီလျှံတန် “ ရွတ်ပူး“ အမည်ရှိ နျူကလီယား စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတည်ဆောက်ရေးလည်း ပါဝင်သည်။
ယခုအခါ ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သော အဆိုပါစီမံကိန်းတွင် ပြည်ပအလုပ်အင်အားကို တိုးချဲ့ ထည့်သွင်းခြင်းအားဖြင့် လာမည့် ၂၀၂၃-ခုနှစ်၌ စက်ရုံထွက် လျှပ်စစ်ဓါတ်အားကို အမျိုးသားမဟာဓါတ်အား လိုင်းနှင့် ချိတ်ဆက်အသုံးပြုနိုင်တော့မည်ဖြစ်သည်ဟု bdnews24 က ယနေ့ရေးသားသည်။
၂၀၁၇ ခုနှစ်တွင် ဝန်ကြီးချုပ်ရှိတ်ဟာစီနာကိုယ်တိုင် ရွတ်ပူး ညူကလီယာဓါတ်အားပေးစက်ရုံတည်ဆောက်ရေးလုပ်ငန်းအား စတင်ပန္နက်ချပေးခဲ့ခြင်းဖြစ်သည်။ ညူစွမ်းအင်စက်ရုံ၏ အဓိကတည်ဆောက်ရေးလုပ် ငန်းများကို ရုရှားနိုင်ငံပိုင် “ ရို့စ်အက်တမ်” အဖြစ်လူသိများသော “ အက်တွမ်စတိုယက်ပို့ “ အင်ဂျင်နီယာကုမ္ပဏီက တည်ဆောက်ပေးလျှက်ရှိရာတွင် စီမံကိန်း စတင်ချိန်မှ ၆၈-လအတွင်း ပြီးစီးရန် ရည်မှန်းထား သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အစီအစဉ်တွင် ၂၀၂၃-ခုနှစ် နှစ်လည်၌ ပထမဆုံးယူနစ်အဖြစ် လျှပ်စစ်ဓါတ်အား ၁,၂၀၀ မဂ္ဂါဝပ်ကို ထုတ်ယူဖြန့်ဖြူးနိုင်ရန်ဖြစ်သည်။ ၂၀၂၄-ခုနှစ်တွင် ဒုတိယယူနစ်မှ လျှပ်စစ်ဓါတ်အား ထုတ်ယူမည်ဖြစ်သည်။ ယူနစ် ၂-ခုပါဝင်သော အဆိုပါ မဟာစီမံကိန်းကြီးကို ၁၀၆၂ ဧက ကျယ်ဝန်းသော မြေပေါ်၌ ရုရှားလူမျိုး ၁၈၀၀ အပါအဝင် လုပ်သားအင်အား ၈၀၀၀ တို့က စတင် တည်ဆောက်ခဲ့ကြသည်။
လွန်ခဲ့သည့် မတ်လ ၂၆ ရက်နေ့တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါ စတင်ဖြစ်ပွားသဖြင့် ရောဂါမပြန့်ပွားရေး တားဆီးပိတ်ဆို့မှုများ ချမှတ်ခဲ့ရသည်။ ရုရှားကျွမ်းကျင်သူ ၈၇ ဦး ပြန်သွားခဲ့ရသော်လည်း ၅၇၀ -ဦး ထပ်မံရောက်ရှိခဲ့သည်။
တည်ဆောက်ရေးလုပ်ငန်းအတွက် ဂျာမနီမှ ကျွမ်းကျင်သူ ၁၁ ဦး၊ အိန္ဒိယမှကျွမ်းကျင်သူ ၈၁ ဦးနှင့် ရုရှားမှကျွမ်းကျင်သူ ၇၅၀ ခန့်တို့သည်လည်း ယခုလမှ စတင်၍ ရောက်ရှိလာကြမည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်သဖြင့် ပက်ဒမာတံတားစီမံကိန်း၊ ဒါကာ မက်ထရိုမြေအောက်မီးရ ထားလမ်းနှင့် ကာနာပူလီဥမင်လိုဏ်ခေါင်းတည်ဆောက်ရေးစသည့် ံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။ သို့သော် ရွတ်ပူး စီမံကိန်းကိုမူ ကျန်းမာရေးဝန်ကြီးဋ္ဌာန ကူးစက်ရောဂါတားဆီးကာ ကွယ်ရေး ပြဋ္ဌာန်းချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်တည်ဆောက် နိုင်ခဲ့သည်။
အဆင့် ၅-ဆင့် လုံခြုံရေးစနစ်ပါရှိသော နျူကလီယား စွမ်းအင်စက်ရုံကို တတိယမျိုးဆက်နည်းပညာဖြင့် ဆက်လက်တည်ဆောက်လျှက်ရှိရာ ပထမဓာတ်ပေါင်းဖို၏ အကာအရံနံရံများကို စတင်မြင်တွေ့ နေရပြီ ဖြစ်သည်။
Source - Htay Oung

0 comments:

Post a Comment