Monday, July 6, 2020

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် အနီးအနားရွာများတွင် လမ်းပိတ်ထားလို့ လက်ရှိစျေးနှုန်းနဲ့ ဆန်ဝယ်ဖို့အခက်ခဲကြုံနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် အနီးအနားရွာများတွင်နေထိုင်သော စစ်ဘေးရှောင်မဟုတ်သော ဒေသခံများ သည် အလုပ်အကိုင်လုပ်လို့မရသည်မှာ ကြာညောင်းခဲ့ပြီးဖြစ်၍ အခုကာလပေါက်စျေးဖြစ်သော ဆန်တစ်အိတ် ၆၀၀၀၀ ကျပ်ကို ဝယ်ယူဖို့ခက်ခဲနေကြကြောင်း သိရှိရသည်။
“လမ်းတွေက ပိတ်ထားနေဆဲဆိုတော့ အခုပလက်ဝမှာ ဆန်စျေးက ၆၀၀၀၀ ကျော်ပေါက်နေတယ်။ အလုပ်လုပ်လို့မရတာလည်းကြာပြီဖြစ်လို့ အစိုးရဝန်ထမ်းမဟုတ်တဲ့သူတွေအနေနဲ့ ဘာဝင်ငွေမရှိကြဘူး။ ပိုက်ဆံမရှိတော့ ဒီလောက်စျေးကြီးတဲ့ ဆန်ကို ဝယ်မစားနိုင်ကြဘူးဖြစ်နေရတာပါ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
အခုတလော တိုက်ပွဲသံများငြိမ်နေသော်လည်း ပလက်ဝ-ကျောက်တော်လမ်းကို ပြန်မဖွင့်သေးသည့်အပြင် ပလက်ဝအထက်ပိုင်း အသွားအလာများကိုလည်း ဇူလိုင်၁ရက်နေ့ကစပြီး ပိတ်ထားကြောင်း သိရသည်။
ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက “ဟုတ်တယ်ဗျ။ ကျွန်တော်တို့ဆီဆန်လာလာတောင်းတဲ့သူတွေအများကြီးပဲ။ ဟိုတလောက ဆန်အိတ် ၃၀၀၀ ကျော်ရောက်ပေမယ့် စစ်ဘေးရှောင်တွေကို ဦးစားပေးဝေရတာပါ။ အခုသူတို့က စားစရာတွေကျန်နေသေးတယ်။ ဒါပေမယ့် စစ်ဘေးရှောင်စာရင်းမဝင်တဲ့ဒေသခံတွေမှာလည်း အလုပ်လုပ်လို့မရတော့ စားသောက်ဖို့အခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ တစ်ပတ်စာ ဝေပေးပေမယ့် အခုက ကုန်နေကြပြီလေ” ဟု ၎င်းက ခူမီးမီဒီယာသို့ပြောသည်။
ပလက်ဝ-ကျောက်တော်လမ်းပိတ်ထားသည်မှာ နှစ်ဝက်ခန့်ကြာနေပြီဖြစ်ပြီး၊ ဆမီး- မတူပီကားလမ်းမှာလည်း မိုးတွင်းကာလဖြစ်၍ ကားများသွားလာရခက်ခဲနေသော အခြေအနေဖြစ်နေသည်။
ယခင်က ပလက်ဝမြို့ပေါ်နေလူဦးရေကသာ မြို့နယ်ပြင်ပမှ ဆန်များကို အဓိကမှီခိုအားကိုးနေရသော်လည်း ၂၀၁၅ ခုနှစ်က စတင်ဖြစ်ပွားသော တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်ကျေးရွာအသီးသီးမှ ဒေသခံများလည်း တောင်ယာနှင့် လယ်ယာများကို ကောင်းကောင်းမွန်မွန်မစိုက်ပျိုး၊ မလုပ်ကိုင်နိုင်ဘဲ ဝယ်ယူစားသုံးနေရသော အနေအထားသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
Source - Khumi Media Group

0 comments:

Post a Comment