Saturday, July 18, 2020

အင်ဒိုနီးရှား ရေကြီးမှု သေဆုံးသူ ၃၆ ဦးထက်မနည်းရှိနေကာ ပျောက်ဆုံးနေသူများစွာကို အသည်းအသန် ရှာဖွေနေရ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၃၆ ဦးထက်မနည်း ရှိနေကြောင်း သိရပြီး ပျောက်ဆုံးနေသူ ဒါဇင်များစွာကို ရှာတွေ့ဖို့အတွက် ကယ်ဆယ်ရေးသမားတွေအသည်းအသန်ကြိုးပမ်း နေကြကာ သောကြာနေ့က အပြိုအပျက်တွေ၊ ရွှံ့မြေတွေအောက်ကနေ လူသေအလောင်းတွေ ဆွဲထုတ်ခဲ့ရကြောင်း သိရပါတယ်။
အဆိုးဝါးဆုံး ရေဘေးဒဏ်သင့်ခဲ့တဲ့ နော့လူဝူ ဒေသမှာ လူ ၁၄၀၀၀ ကျော် အိမ်ခြေယာမဲ့ဖြစ်ခဲ့ရကာ ယာယီခိုလှုံရေးစခန်းတွေမှာ သွားရောက်နေထိုင်ခဲ့ကြရပါတယ်။ ယခုအထိ ပျောက်ဆုံးနေသူ ၆၆ ဦးလောက်ရှိနေသေးကာ နိုင်ငံရဲ့ ကယ်ဆယ်ရှာဖွေရေး အေဂျင်စီက ဆက်လက်ရှာဖွေမှုတွေလုပ်နေပါတယ်။
တနင်္လာနေ့က ယင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မြစ်ကြောင်းများစွာ ရေလျှံတက်ခဲ့ပြီး အသေအပျောက်များတဲ့ ရေလွှမ်းမိုးမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အလောင်းတွေ ထပ်မံရှာတွေ့ရှိခဲ့ပြီးနောက် သောကြာနေ့ကအထိ သေဆုံးဦးရေဟာ ၃၆ ဦး ရှိနေပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ပျောက်ဆုံးသူဦးရေဟာလည်း အရင်က တစ်ဒါဇင်ခန့်ရှိတယ်လို့ ထုတ်ပြန်ထားရာကနေ ဆွေမျိုးသားချင်းတွေရဲ့ ထပ်မံသတင်းပို့ချက်တွေအရ လူ ၆၀ ကျော်ပျောက်ဆုံးနေကြောင်း ပြင်ဆင်ထုတ်ပြန်ပေးခဲ့ပါတယ်။
ယခုအခါမှာ ရှာဖွေမှုတွေ လေးရက်ကြာရှိလာပြီဖြစ်တာကြောင့် ပျောက်ဆုံးနေသူတွေ အသက်ရှင်လျက်ပြန်တွေ့နိုင်တဲ့ အခွင့်အလမ်းက နည်းနေပြီဖြစ်ကာ ခက်ခက်ခဲခဲ ရှာဖွေကယ်ဆယ်မှုလုပ်နေရတဲ့ အခြေအနေဖြစ်နေကြောင်းလည်း နော့လူဝူ ရှာဖွေ ကယ်ဆယ်ရေးအသင်းရဲ့ ဌာနေကိုယ်စားလှယ် အန်ဒီ မွတ်တီ က ပြောဆိုပါတယ်။ ရွှံ့မြေထုရဲ့ အထူဟာ နှစ်မီတာလောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို သီတင်းပတ်ကုန်ပိုင်းအထိ လုပ်ဆောင်သွားမယ်လို့ ၎င်းက ဆက်လက်ပြောဆိုပါတယ်။
အစိုးရရုံးဌာနတွေအပါအဝင် နေအိမ်အဆောက်အအုံ ထောင်ပေါင်းများစွာ ရွွှံ့တွေ၊ ရေတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက မြို့တော်ဂျကာတာဝန်းကျင်တစ်ဝိုက် မိုးသည်းထန်ခဲ့မှုတွေကြောင့် ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့ကာ လူ ၇၀ နီးပါးသေဆုံးထားခဲ့ပါတယ်။

Ref ; Akon Thi

0 comments:

Post a Comment