Monday, July 20, 2020

ရခိုင်မြောက်ပိုင်းရှိ သဇင်မြိုင်နှင့်ညောင်ပင်လှ နယ်ခြားစောင့်ရဲကင်းစခန်း(၂)ခုကို ပြန်လည်ရုပ်သိမ်း

တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အနောက်ဖက်ကမ်းက သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းနဲ့ ညောင်ပင်လှနယ်ခြားစောင့်စခန်း(၂)ခုလုံးကို ရုပ်သိမ်းသွားပြီး စေတီပြင်ရဲကင်းစခန်းကို လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ရဲကင်းစခန်းနှစ်ခုကို ဇူလိုင်လ ၁၈ ရက်နေ့က ရုပ်သိမ်းခဲ့ပြီးနောက် အဲ့ဒီနေ့ညက ရဲကင်းစခန်းတွေမီးလောင်တာတွေကို မြင်တွေ့ရပြီး ဒေသခံတွေထွက်ပြေးကြကြောင်းနဲ့ လက်ရှိမှာလည်း သဇင်မြိုင်ကျေးရွာက ဒေသခံတွေ ထွက်ပြေးနေတယ်လို့ သိရပါတယ်။
သဇင်မြိုင်ကျေးရွာဟာ သိမ်တောင်ကျေးရွာအုပ်စုမှာပါဝင်တာကြောင့် သိမ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်ကိုအတည်ပြုပြောပါတယ်။
သိမ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးမောင်အေးညွှန့် ပြောပြတာက" ဟုတ်ကဲ့ နယ်ခြားစောင့်စခန်းတွေ သိမ်းရုတ်သိမ်းသွားပါပြီ။ ဇူလှိုင်လ ၁၈ရက်နေ့က ရုတ်သိမ်းသွားတာပါ ၊ သူတို့က စေတီပြင်စခန်းကို သွားပူးပေါင်းတယ်လို့ သိရတယ်။ နယ်မြေတစ်ခုမှာ စခန်းတစ်ခုပဲထားမယ်ဆိုတဲ့သဘောမျိုး ထင်ပါတယ်။ ညောင်ပင်လှရွာကနေ နယ်ခြားစောင့်စခန်း လည်းအဲ့နေ့မှာပဲ ရုတ်သိမ်းသွားတယ်လို့သိရတယ်။ အဲ့နေ့ ည၇နာရီလောက်မှာပဲ နယ်ခြားစောင့်စခန်းတွေ မီးလောင်တယ်။ ကျေးရွာထဲကလူတွေလည်း ထွက်ပြေးတာတွေရှိပါတယ်။” လို့ ပြောပါတယ်။
သဇင်မြိုင်ကျေးရွာက ဒေသခံတစ်ဦးရဲ့ပြောပြချက်အရ အဲ့ဒီ မေလ ၁၈ ရက်နေ့က နယ်ခြားစောင့် ရဲကင်းစခန်းကိုရုပ်သိမ်းပြီးနောက်ပိုင်း မီးလောင်မှုတွေ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
သူပြောပြတာက" ဟုတ်ကဲ့နယ်ခြားစောင့်စခန်းတွေ ရုတ်သိမ်းသွားပါပြီ။ တယောက်မှမရှိတော့ပါဘူး။ အကုန်လုံးဆုတ်သွားကြပါပြီ။ အဲ့ဒီနေ့က နယ်ခြားစောင့်စခန်း မီးလောင်တာဟုတ်ပါတယ်၊ ဘယ်သူရှို့လဲဆိုတာ အတိအကျမသိပါဘူး။ "လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်ပြီး ရခိုင်ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၉ ခုနှစ်နေ့ မနက်အစောပိုင်းမှာ သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းကို အေအေဖက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေလည်းရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ဒုံးပိုက်နယ်ခြားစောင့်ရဲကင်းစခန်းကို အေအေအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေလည်း ရှိပါတယ်။
အဲ့ဒီလို နယ်ခြားစောင့်ရဲကင်းစခန်းတွေကို အေအေအဖွဲ့က တိုက်ခိုက်တာကို တပ်မတော်ဖက်က ရှုတ်ချပြီး ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ က တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ အေအေအဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တန်ပြန်အကြမ်းဖက်စစ်ဆင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားဖူးပါတယ်။
၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီ ၄ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ ၊ ငမြင်းဘော်၊ ဂုပ္ပိ နှင့် ကျောက်တောင်ရဲကင်းစခန်း ၊ မတ်လ ၉ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်း၊ ဧပြီလ ၁၀ ရက်နေ့မှာ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်နဲ့ ဇူလိုင် ၁၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းတွေကို အသီးသီးဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာ ပါရှိတာဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ရဲကင်းစခန်းတွေကို အေအေအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Crd : VOM

0 comments:

Post a Comment