Sunday, July 26, 2020

လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ဦးကိုကိုကြီးအပါအဝင် ပြည်သူ့ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက် ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီ ( PP ) အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၁၄၀ ကျော် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
ပြည်သူ့ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းအား ယခုလကုန်ပိုင်း( သို့မဟုတ် ) နောက်လအစောပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်သည်။
ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ မည့်သည်နေရာမှ မည်သူပါဝင်ယှဉ်ပြိုင်မည်ကို တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
" စီအီးစီအတွင်းကလည်း ရွေးကောက်ပွဲ ဝင်မယ့်သူတွေရှိတယ်။ တရားဝင်ထုတ်ပြန်မှသာလျှင် ဘယ်သူတွေ ဘယ်နေရာဝင်မယ် ထုတ်ပြန်ပါမယ်။ တရားဝင်က ရွေးကောက်ပွဲကော်မရှင်ကလည်း လာမယ့် သြဂုတ် ၇ ရက် နောက်ဆုံးထား တင်ရမယ်ဆိုတော့ အဲဒီမတိုင်ခင် ပထမအပတ်ထဲအပြီး စိစစ်တင်ပြပြီးသားဖြစ်အောင် ကြိုးစားရမယ် " ဟု ဦးကိုကိုကြီးက ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစိစစ်ရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကာ တိုင်းရင်းသားပါတီများနှင့် မူဝါဒပိုင်းဆိုင်ရာ မဟာမိတ်ပြုလုပ်ရန် ဆွေးနွေးမှုများ ပြုလုပ်ကြောင်း ၎င်းက ပြောသည်။
" ပါတီကလည်းအသစ်ဖြစ်တယ်။ ကိုဗစ်ကာလလည်းဖြစ်တဲ့အတွက် စည်းရုံးရေးတွေ ဆိုင်းငံ့နေရတဲ့အချိန်ကျတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် စိစစ်ရွေးချယ်နေတာတွေရှိပါတယ်။သုံးယောက်ဝင်တာရှိမယ်။ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေနဲ့ မူဝါဒဆိုင်ရာ မဟာမိတ်လုပ်ဖို့ကျွန်တော်တို့ ဆွေးနွေးတာရှိတယ်။ ၂၀၂၀ နဲ့ ၂၀၂၅ ကြား ငါးနှစ်တာအတောအတွင်း ဘယ်ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်နိုင်မလ ဲဆိုတဲ့ နယ်ပယ်ပေါ့လေ။ အဲဒါတွေဆွေးနွေးတာရှိတယ် " ဟု ဦးကိုကိုကြီးက ပြောသည်။
" ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ အားလုံးက မဲစာရင်းကို ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားတယ်ဆိုတာ လွတ်လပ်သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်ဖို့ အင်မတန်အခြေခံကျတဲ့ ကိစ္စဖြစ်တယ်။စောင့်ကြည့်လေ့လာသူများအခန်းကဏ္ဍတောင် လျော့နည်းသွားသလိုဖြစ်တာ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်လက်ထက်မှာ ဒီမိုကရေစီဘက်ကအနိုင်ရချိန် အစစ်ခံနိုင်တယ် ပွင့်လင်းမြင်သာ မူရှိတယ် ဆိုတဲ့ ယဉ်ကျေးမှုကို အမွေပေးခဲ့စေချင်တယ်။ စောင့်ကြည့်ဆိုတဲ့ စကားလုံးတောင် မပေးဘူး ဖြုတ်လိုက်တယ်။ လေ့လာသူတွေပဲ ပေးတော့တယ်။ တကယ်တမ်းစောင့်ကြည့်လေ့လာတယ်ဆိုတဲ့ကိစ္စက မဲစာရင်းကအစ ရွေးကောက်ပွဲအပြီး ခုံရုံးကိစ္စတွေ တရားမဲ့ပြုကျင့်မှုတွေ ဒါတွေအစအဆုံး စောင့်ကြည့်လေ့လာမှ ရွေးကောက်ပွဲက ဘယ်လောက်သန့်ရှင်းမျှတတယ်ဆိုတာ မဲဆန္ဒရှင် ပြည်သူတွေ နိုင်ငံတကာလေ့လာသူတွေ သိရှိနိုင်မှာပေါ့ " ဟု ၎င်းက ပြောသည်။
ပြည်သူ့ပါတီအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီ၌ ၂၃ ဦးဖြင့် ဖွဲ့စည်းထားသည်။
Crd : Myanmar Times

0 comments:

Post a Comment