Saturday, July 18, 2020

ဝက်အပြင်းဖျားရောဂါကြောင့် ဝက်အကောင်ရေ ၆၀၀ နီးပါး သေဆုံး

အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဒေသလေးခုတွင် ဝက်အကောင်ရေ ခြောက်ရာနီးပါး သေဆုံးခဲ့ကြောင်း တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် ရောဂါ ထိန်းချုပ်ရေးဌာနခွဲထံမှ သိရသည်။
ယခုနှစ် ဇွန်လအတွင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့တွင် ဝက်အကောင်ရေ လေးရာကျော်နှင့် ဇူလိုင်လဆန်းပိုင်းတွင် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဝက် အကောင်ရေ ၇၅ ကောင်၊ နောင်မွန်နှင့် က ချင်ပြည်နယ်တွင် ဝက်အကောင်ရေ ၅၀နီးပါး သေဆုံးခဲ့ကြောင်း ကာကွယ်ဆေး ထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာန ခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော် က ပြောကြားသည်။
“နောင်မွန်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်တာက သေဆုံးတဲ့ဝက်တွေက ဝက် အပြင်းဖျားနဲ့ အခြားဆက်စပ်ရောဂါတွေ ကြောင့်လည်း ပါပါတယ်။ အာဖရိက ဝက်အပြင်းဖျားရောဂါက လူကို မကူးစက်နိုင်ပါဘူး။ ဒါပေမဲ့ ဝက်တွေအတွက် ကာကွယ်ဆေးရော၊ ကုသဆေးရော မရှိသေးပါဘူး။ အဲဒါကြောင့် မွေးမြူရေး လုပ်ကိုင်သူတွေအနေနဲ့ ရောဂါဖြစ်တယ်လို့ သံသယရှိတယ်ဆိုတာနဲ့ ဌာနကို အမြန်ဆုံး အကြောင်းကြားဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။
ဧရာ၀တီတိုင်းဒေသကြီးတွင်လည်း ဝက်များ သေဆုံးခဲ့ပြီး သွားရောက် စစ်ဆေးချိန်တွင် ဝက်အပြင်းဖျားရောဂါကြောင့် မဟုတ်ဘဲ ဆာကိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ဝက်အားနည်းရောဂါကြောင့် သေဆုံးခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
အာဖရိကဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသော ဝက်များတွင် ခြေလက်အဆစ်ရောင်ခြင်း၊ အရေပြားအနာ ဖြစ်ခြင်း၊ အရေပြား(နားရွက်၊အမြီး၊ဝမ်းဗိုက်)နီရဲခြင်း၊ ကိုယ်အပူချိန်မမှန်ခြင်း၊ အစာအနည်း ငယ်သာစားခြင်း၊ အလေးချိန်လျော့ကျခြင်း၊ ပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဇီးဝက် များတွင် သားလျှောခြင်းတို့ ဖြစ်တတ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
ထို့ပြင် အဆိုပါဗိုင်းရပ်စ်မှာသက်တမ်းအားဖြင့် တစ်လကြာရှင်သန်နိုင်ပြီး ရောဂါဖြင့် သေဆုံးသွားသောဝက် ၏ အသား၊ အညစ်အကြေး၊ ဝက်ထွက်ပစ္စည်းများ၊ အေးခဲအသား၊ မွှားကောင်၊ ယင်ကောင်နှင့် ဆေးထိုးအပ်ကဲ့သို့ ပစ္စည်းများ၊ ရောဂါပိုးနှင့် ထိတွေ့မိသော လူ၏ အသုံးအဆောင်ပစ္စည်းများမှတစ်ဆင့်လည်းဝက်များထံသို့ ကူးစက်နိုင်ကြောင်း ဒေါက်တာမင်းသိန်းမော်ကပြောကြားသည်။
လူသို့မကူးစက်နိုင်သော်လည်း စိုးရိမ်မှုကြောင့် လက်ရှိတွင် ဝက်သား စားသုံးမှု လျော့ကျကာ ဈေးကွက်မတည် ငြိမ်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
၂၀၁၉ခုနှစ်ကလည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလား၊ ပန်ဆန်း၊ မိုင်းဖြတ်၊ မိုင်းရောင်းဒေသတို့တွင် အာဖရိကဝက် အပြင်းဖျား ရောဂါဖြစ်ပွားခဲ့သည်။
Ref ; The Voice Journal

0 comments:

Post a Comment