Friday, July 24, 2020

ရွှေ့ပြောင်းလုပ်သား မိသားစုထဲမှ အမျိုးသမီးများကိုယ်တိုင် ရေသန့်ထုတ်နိုင်မည့် စီမံကိန်းလုပ်ဆောင်နိုင်ရန် ပံ့ပိုးမည်

လှိုင်သာယာမြို့နယ်၊ ရပ်ကွက်သုံးခုရှိ ရွေ့ပြောင်းအလုပ်သမား မိသားစုများထဲမှ အမျိုးသမီး ၆၀ ဦးခန့်နှင့်အတူ သန့်ရှင်းသောသောက်သုံးရေ ထုတ်လုပ်ရောင်းချနိုင်မည့် စီမံကိန်း လုပ်ဆောင်ရန် Diageo နှင့် Water Aid Myanmar တို့ ပူးပေါင်းပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသမှ ရွှေ့ပြောင်းလာ၍ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်နေကြသော အလုပ်သမား အမျိုး သမီးများ နေထိုင်ရာ မြို့ပြပတ်ဝန်းကျင်ဒေသတွင် အဆိုပါ အမျိုးသမီးများကို ပညာရေးနှင့် စီးပွားရေး စွမ်းဆောင်ရည် မြှင့်တင်မှု အခွင့်အလမ်းများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်းသိရသည်။
"အမျိုးသမီးတွေကို ကူညီဖို့ အကောင်းဆုံး နည်းကတော့ ပထမဆုံးအနေနဲ့ သန့်ရှင်းပြီး စိတ်ချရတဲ့ရေ ရရှိတာ သေချာစေဖို့ပါပဲ။ အမျိုးသမီးတွေဟာ သန့်ရှင်းပြီး စိတ်ချရတဲ့ရေ ရရှိရုံတင်သာမကဘဲ လူထု အသိုင်း အဝိုင်း အတွက် သန့်ရှင်းပြီး စိတ်ချရတဲ့ ရေရရှိဖို့ ထောက်ပံ့ပေးနိုင်တဲ့ စီးပွားရေး အခွင့်အလမ်း တွေကိုလည်း သူတို့တွေအတွက် ဖန်တီး ပေးနိုင်မှာဖြစ်လို့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ ဝမ်းသာမိပါတယ်” ဟု WaterAid Myanmar ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Shihab Uddin Ahamad က ပြောသည်။
အဆိုပါစီမံကိန်းကို ဇွန်လမှစတင်ကာ ယခုနှစ်အတွင်း သောက်ရေသန့် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး အမျိုးသမီးများ ဦးဆောင်သည့် လူမှုစီမံကိန်းမှတစ်ဆင့် အိမ်ထောင်စုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဌာနများရှိ လူဦးရေပေါင်း တစ်သောင်းကို သန့်ရှင်းသော သောက်သုံးရေရရှိရန် ရည်ရွယ်ကြောင်း Water Aid Myanmarမှ သိရသည်။
စီမံကိန်း ဧရိယာအတွင်းနှင့် အနီးဝန်းကျင်တွင် ပုံမှန် ရေအရည်အသွေး စစ်ဆေးခြင်းနှင့် စောင့်ကြည့် စစ် ဆေးခြင်းကဲ့သို့ ရေအရည်အသွေး အချက်အလက်ဆိုင်ရာ သုတေသန လုပ်ငန်းများကို ဒေသခံ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများက ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရှိ ရေလိုအပ်နေသော ဒေသများသို့ သန့်ရှင်းသောရေ ရောက်ရှိစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သက်ဆိုင်ရာ ဒေသန္တရ အစိုးရ အာဏာပိုင်များ၊ ဒေသခံ ရပ်ရွာလူထုများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ထို စီမံကိန်းအတွက် ကုန်ကျမည့် ငွေကြေး
ပေါင်နှစ်သိန်းခန့်ကို Diageo က ပံ့ပိုးမည် ဖြစ်ကာ အချိန် ၂ နှစ်ကျော်ကြာ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ လူငါးဦးတွင် တစ်ဦးမှာ သန့်ရှင်းသော ရေရှိရန် မလွယ်ကူဘဲ ကျေးလက်နေ လူထုများတွင် ရေသန့်စင်ခြင်းနှင့် ရေဖြန့်ဝေခြင်း စနစ်များ မရှိခြင်းကြောင့် အမျိုးသမီးများ၊ ကလေး သူငယ်များနှင့် မသန်စွမ်းသူများကို ထိခိုက် နစ်နာမှုများ ဖြစ်စေကြောင်း သိရသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment