Thursday, July 23, 2020

တောင်သာမြို့နယ် သာယာအေးကျေးရွာမှာ မြေကျင်းတူးရာမှ ထွက်ပေါ်လာသော ရှေးဟောင်း ပေါ်တော်မူဘုရား ဆင်းတုတော်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် သာယာအေးကျေးရွာတွင် ရှေးဟောင်းဘုရား ဆင်းတုတော် တစ်ဆူအား ယမန်နေ့နံနက်ပိုင်းက မြေတူးရာမှ တူးဖော်တွေ့ရှိခဲ့ကြောင်း အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
တောင်သာမြို့နယ် သာယာအေးကျေးရွာအုပ်စု သာယာအေးကျေးရွာအား ယခင်က လိပ်ကုန်းကျေးရွာဟု ခေါ်ဆိုကြောင်းနှင့် အဆိုပါရွာမှာ ပခုက္ကူတံတားသို့ မရောက်မီ ကားလမ်း၏ ညာဘက်ခြမ်းတွင် တည်ရှိပြီး ပခုက္ကူမြို့နှင့် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းအရပ်တွင် တည်ရှိကြောင်း သိရကာ တူးဖော်တွေ့ရှိသော ဘုရားဆင်းတုတော်အား ဘုန်းတော်ကြီးကျောင်း၌ အပူဇော်ခံ ထားရှိကြောင်း သာယာအေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမိုးက ပြောကြားသည်။
တောင်သာမြို့နယ် သာယာအေးကျေးရွာအုပ်စု သာယာအေးကျေးရွာတွင် ဇူလိုင် ၂၂ ရက် နံနက် ၆ နာရီက နွားတင်ခုံ ပြုလုပ်ရန် မြေကျင်းတူးရာ၌ ဉာဏ်တော် အမြင့်ခြောက်ပေ နှစ်လက်မရှိ အသားဆင်းတုတော် တစ်ဆူကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သာယာအေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမိုးက ပြောကြားသည်။
“အိမ်ဝိုင်းထဲမှာ ရေဝင်တဲ့အရပ်ဆိုတော့ နွားတင်ဖို့ ခုံလုပ်တာပေါ့။ ခုံတင်ဖို့ရာ ဝိုင်းထဲမှာ ချိုင့်တူးလိုက်တာ ချိုင့်တူးပြီး ခုံပေါ်မြေတင်တာ။ မြေတင်တော့ မတွေ့သေးဘူး။ မြေပေါက်လိုက်မှ ဘုရားမျက်နှာတော်လေးက ပေါ်ပြီးတွေ့တာပေါ့။ ဘုရားက ဉာဏ်တော်အမြင့် ခြောက်ပေနဲ့ နှစ်လက်မ ရှိတယ်။ ရင်ဘတ်တော် နှစ်ပေနှစ်လက်မ အသားဆင်းတုတော် တော်တော်လေးတော့ ဆွေးနေပြီ။ ရှေးဟောင်းဘုရားလို့တော့ ပြောလို့ရတယ် လက်ရာတွေကြည့်ရတာ” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ တွေ့ရှိခဲ့သော အသားဆင်းတုတော်မှာ ရှေးဟောင်းဘုရား ဆင်းတုတော်တစ်ဆူဟု ယူဆရပြီး ရွာဦးကျောင်း ဆရာတော်အား အပ်ထားပြီး လက်ရှိတွင် ရွာလယ်ဓမ္မာရုံ၌ အပူဇော်ခံ ထားရှိထားကြောင်းနှင့် တွေ့ရှိခဲ့သည့် ဆင်းတုတော်နှင့် ပတ်သက်၍ ရပ်/ကျေး သံဃနာယက ဆရာတော်အဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ထံကို အကြောင်းကြား အသိပေး ဆောင်ရွက်ထားကြောင်း ၎င်းကပြောကြားသည်။
Crd : EMG

0 comments:

Post a Comment