Thursday, July 23, 2020

နိုင်ငံတော်အတွက် ကြိုးစားဆောင်ရွက်ရင်း ဖြစ်ခဲ့ခြင်းသာဖြစ်ပြီး ကိုယ်ကျိုးစီးပွားအတွက် မလုပ်ခဲ့ကြောင်းအဂတိလိုက်စားမှုဖြင့် တရားစွဲဆိုဖမ်းဆီးခံထားရသည့် ဆေးဝါးစက်ရုံ (အင်းစိန်)မှ စက်ရုံမှူး ဒေါက်တာ အောင်ဇော်ပြော

ကိုယ်ကျိုးအတွက် လုပ်ခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံတော်အတွက် ကြိုးစားဆောင်ရွက်ရင်းဖြစ်ခဲ့ခြင်းဖြစ်သည်ဟု အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုဖမ်းဆီးခံထားရသည့် ဆေးဝါးစက်ရုံ(အင်းစိန်)မှ စက်ရုံမှူး ဒေါက်တာအောင်ဇော်က ဇူလိုင် ၂၃ ရက် ရုံးထုတ်စဉ် ပြောကြားသည်။
ဇူလိုင် ၂၃ ရက်တွင် ဒေါက်တာအောင်ဇော်အား ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ရုံးထုတ်ခဲ့သော်လည်း အမှုတွဲမှာ ပြည်ထောင်စုအဆင့်သို့ ရောက်ရှိနေသဖြင့် မစစ်ဆေးဖြစ်ကြောင်း သိရသည်။
“ကျွန်တော့အမှုက နိုင်ငံတော်ငွေကြေးနစ်နာဆုံးရှုံးမှုနဲ့ စွဲထားတာ။ သူများအဂတိအမှုတွေနဲ့ မတူပါဘူး။ ကျွန်တော် ကိုယ်ကျိုးလုပ်ခဲ့တာလည်းမဟုတ်ပါဘူး။ နိုင်ငံတော်အတွက်၊ စက်ရုံအတွက် ကြိုးစားဆောင်ရွက် လုပ်ခဲ့ရင်းဖြစ်ခဲ့တာ” ဟု ဒေါက်တာအောင်ဇော်က ပြောကြားသည်။
အင်းစိန်ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်၏အမှုအား တရားလိုဘက်မှ နေပြည်တော်သို့ တက်ထားခြင်းကြောင့် ကြန့်ကြာနေပြီး ယင်းသို့ ကြန့်ကြာနေခြင်းကြောင့် နစ်နာမှုများရှိနေကြောင်း ဒေါက်တာအောင်ဇော်က ပြောကြားသည်။
“ကျွန်တော်အမှုက အခုနေပြည်တော်ကိုတက်ထားတယ်။ တရားလိုဘက်က တက်တာပေါ့။ ကျွန်တော်တို့ဘက်ကတင်တဲ့ သက်သေခံကို တရားသူကြီးကလက်ခံတယ်။ ဒါပေမဲ့ တရားလိုဘက်က အပေါ်ရုံးကိုပြင်ဆင်မှု တက်တာပါ။ အခုကျွန်တော်ရုံးချိန်းက ၃၆ ချိန်းရှိပြီပေါ့။ တကယ်တန်းစစ်ရတာ အချိန်း (၂၀) လောက်ပဲ စစ်ရသေးတယ်။ (၁၆) ချိန်းလောက်က ကြန့်ကြာနေတာပေါ့။ အဲဒါနဲ့ အခု (၁၀) လရှိပြီးကြန့်ကြာနေတာ။ အမှုကမပြီးသေးတာကြောင့် ကျွန်တော်ကနစ်နာတာပေါ့။ ကျွန်တော်ဖြစ်စေချင်တာက အမှုကို မြန်မြန်လေး စစ်စေချင်တယ်။ အမှုကို မြန်မြန်ပြီးသွားစေချင်တယ်” ဟု ဒေါက်တာအောင်ဇော်က ပြောကြားသည်။
အဆိုပါ အမှုတွင် တရားလိုပြသက်သေ ၁၀ ဦးအထိ စစ်ဆေးပြီးပြီဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ် BPI ဆေးဝါး စက်ရုံမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၆ ဖြင့် အင်းစိန်မြို့နယ် တရားရုံးတွင် စက်တင်ဘာ ၆ ရက်က တရားစွဲဆိုအရေးယူနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ ဒေါက်တာအောင်ဇော်မှာ ဆေးဝါးစက်ရုံ (အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း)ကျောက်ဆည်တို့တွင် သွေးကြောသွင်းဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် ကော်စေ့များနှင့် စက်ပစ္စည်းများဝယ်ယူရာတွင် ကုမ္ပဏီနှင့် ပူးပေါင်း၍ ရိုက်စားခွင်များ ဖန်တီးနေသူများအား အရေးယူပေးရန် အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်းသိရသည်။
တိုင်ကြားစာအရ ကော်မရှင်မှ စစ်ဆေးရာ ဆေးဝါးစက်ရုံ (အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သဖြင့် နိုင်ငံတော်၏ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်က ထုတ်ပြန်ချက်ခဲ့သည်။
မြန်မာဆေးဝါးလုပ်ငန်းမှာ စက်မှုဝန်ကြီးဌာနလက်အောက်တွင် တည်ရှိပြီး ယင်းဆေးဝါးလုပ်ငန်းအောက်တွင် အင်းစိန်ဆေးဝါးစက်ရုံနှင့် အင်ရောင်းဆေးဝါးစက်ရုံ အစရှိသည့် စက်ရုံများရှိသည်။
အင်းစိန်ဆေးဝါးစက်ရုံ မှာ အိမ်သုံးအင်္ဂလိပ်ဆေးဝါးများကို ထုတ်လုပ်ကာ ပြည်တွင်းတွင်သာမ က ပြည်ပနိုင်ငံများသို့လည်း တင်ပို့ ရောင်းချလျှက်ရှိသည်။အင်းစိန်ဆေး ဝါးစက်ရုံ နှင့် အင်ရောင်းရှိ ဆေးဝါးစက်ရုံတို့အနက် အင်ရောင်း စက်ရုံရှိ သွေးကြောသွင်းဆေးရည် ဘူးအဆောက်အအုံကို ယခုနှစ် ဧပြီ လအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောက်အအုံမှ နှစ်စဉ်သွေး ကြောသွင်းဆေးရည်ဘူး ၁၀ သန်း အထိ တိုုးမြှင့်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း မြန်မာ့ဆေး ဝါးလုပ်ငန်းမှ သိရသည်။
Crd : Eleven

0 comments:

Post a Comment