Saturday, July 11, 2020

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်းရှိ လစ်လပ်သွားသော ရဲတပ်ဖွဲ့အကြီးအကဲနေရာများကို အစားထိုးအသစ်များခန့်အပ်တာဝန်ပေး

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း ပြစ်မှုကြောင့် အရေးယူခဲ့သဖြင့် လစ်လပ်သွားသော ထိပ်တန်းရဲအရာရှိကြီးစာရင်းဝင် ရဲရာထူးခန့်ချုပ်နေရာ၊ ရထားရဲတပ်ဖွဲ့နေရာနှင့် ရဲထောက်ချုပ်နေရာများကို အစားထိုးခန့်အပ်လိုက်သည့်အပြင် တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲနေရာအချို့ကိုပါ အပြောင်းအလဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရာထူးမှ ထုတ်ပယ်ခံရပြီး ထောင်ဒဏ် ၆ လချမှတ်ခံခဲ့ရသည့် ရထားရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးချုပ်မိုးသန်းအောင်နေရာတွင် ရဲမှူးကြီး စိုးမြင့်ဦးဖြင့်လည်းကောင်း၊ ရဲတပ်ဖွဲ့မှ ရှုံချပြီး ထုတ်ပယ်ခဲ့သည့် ရဲထောက်ချုပ် ရဲမှူးချုပ်ဇော်ခင်အောင်နေရာတွင် ရဲမှူးချုပ် မြင့်တိုးကိုလည်းကောင်း၊ လိင်အမြတ်ထုတ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ရဲတရားရုံးက ရာထူးမှထုတ်ပယ်ပြီး ထောင်ချလိုက်သည့် ရဲရာထူးခန့်ချုပ်ရဲမှူးချုပ်ဇော်မိုးသန်းနေရာတွင် ရဲမှူးချုပ် အောင်အောင်တို့ကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲနေရာအချို့ကိုလည်း အပြောင်းအလဲများ ပြုလုပ်ခဲ့ရာ ယခင် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်မှာ တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူအဖြစ် ပြောင်းရွှေ့ခဲ့သလို ရဲမှူးကြီး ကျော်ထွေးကို ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးအဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။
ထို့ပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးနေရာတွင် ရဲမှူးကြီး စိုးမြင့်ဦးကိုလည်းကောင်း၊ ကရင်ပြည်နယ် ရဲတင်ဖွဲ့မှူနေရာတွင် ရဲမှူးကြီး သန်းဝင်းကိုလည်းကောင်း၊ မကွေးရဲတပ်ဖွဲ့မှူးနေရာတွင် ရဲမှူးကြီး လှိုင်တင့်ကိုလည်းကောင်း ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးအသစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် လက်ထက် အရေးယူခဲ့သည့် ရဲမှူးချုပ်အဆင့်ရှိအရာရှိကြီးအရေအတွက်မှာ ၃ဦးအထိ ရှိသွားပြီဖြစ်ကာ ပထမတစ်ဦးမှာ ရထားရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးချုပ်မိုးသန်းအောင်(ရာထူးမှ ထုတ်ပယ်ပြီး ထောင်ဒဏ် ၆လချ)၊ ဒုတိယတစ်ဦးမှာ ရဲထောက်ချုပ် ရဲမှူးချုပ်ဇော်ခင်အောင်(ရှုံချပြီး ရဲတပ်ဖွဲ့မှ ထုတ်ပယ်) ၊တတိယတစ်ဦးမှာ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းတို့ ဖြစ်ကြောင်း သိရသည်။
Crd : Myanmar Harp

0 comments:

Post a Comment