Wednesday, July 15, 2020

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကြီးနားနှင့် ရွှေကူမြို့နယ်မှ စိုက်ဧက(၁၀၀၀၀)နီးပါးလွှမ်းမိုးခံရ

ကချင်ပြည်နယ်အတွင်း ဇူလိုင် (၁၂) ရက်ကနေ (၁၄) ရက်အတွင်း မိုးရွာသွန်းမှုများပြားခဲ့တာကြောင့် မြို့နယ်အချို့က စိုက်ခင်းတွေအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီမြစ်ရေဝင်ရောက်တာကြောင့် မြစ်ကြီးနားနဲ့ ရွှေကူမြို့နယ်တွေမှာ မိုးစပါးနဲ့ အစေ့ထုတ်ပြောင်း ဧက(၉၉၀၀)ကျော် ရေဝင် နစ်မြုပ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ညွှန်ကြား ရေးမှူး ဦးစိန်မြင့် ပြောပါတယ်။
“ မြစ်ကြီးနား မြို့နယ်မှာ ကျေးရွာအုပ်စု (၃) စု၊ ကွင်းပေါင်း(၁၄)၊ တောင်သူပေါင်း(၁၃၈၆) ယောက်ရဲ့ အစေ့ ထုတ်ပြောင်း (၂၅၀၇) ဧက ရေမြုတ်ခံထားရပါတယ်။ ရွှေကူမြို့နယ်မှာ ရွှေကူမြို့နယ်မှာ ကျေးရွာအုပ်စု (၁၆) အုပ်စု (၇၂) ကွင်း တောင်သူပေါင်း (၂၂၁၃)ယောက်ရဲ့ မိုးစပါးက (၆၉၂၀) ၊ အစေ့ထုတ်ပြောင်း က (၅၃၆)ဧက၊ ပဲတီစိမ်းက (၅)ဧက စုစုပေါင်း(၇၄၆၁)ဧက နစ်မြုတ်နေပါတယ်” စိုက်ပျိုးရေးဦးစီးဌာနမှူး ညွှန်ကြား ရေးမှူး ဦးစိန်မြင့် ပြောပါတယ်။
ရေနစ်မြုပ်တဲ့ စိုက်ကွက်တွေကို ရေပြန်လည်ကျဆင်းမှသာ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှု ရှိမရှိကို စစ်ဆေးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ ထိခိုက်ပျက်စီးမှုတွေကို ပြည်ထောင်စုအဆင့်အထိ တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ ထောက်ပံ့ကြေးတွေပေးတာ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူး ဦးစိန်မြင့်က ပြောပါတယ်။ ကချင်ပြည်နယ်မှာ နှစ်စဉ်မိုးရာသီတွေမှာ ဧရာဝတီမြစ်ရေဝင်ရောက်မှု ဖြစ်ပွား လေ့ရှိပြီး လယ်မြေတွေ နစ်မြုပ်ပျက်ဆီးတာလည်း နှစ်စဉ်ဖြစ်နေကြလို့ ဒေသခံတွေက ပြောဆိုပါတယ်။ အခုနှစ်မျာတော့ မိုးစပါးကို အစေ့ချနည်းနဲ့ စိုက်ပျိုးပြီးစမှာ ရေဝင်နစ်မြုပ်မှုဖြစ်ပွားတာလို့ ရွှေကူမြို့ နည် သပြေလှကျေးရွာ က တောင်သူ ဦးဝင်းမြင့် ပြောပါတယ်။
“ဒီနှစ်ကတော့ အတော်ကို ဆိုးဝါးပါတယ်။ အချို့နေရာတွေဆိုရင် လူတစ်ရပ် မမီတော့ဘူး။ လေးငါးခြောက်တောင် ခုနှစ်တောင် အဲ့လိုတွေ ရေတွေမြုပ်နေတာ ။ “လို့ တောင်သူ ဦးဝင်းမြင့်က ပြောပါတယ်။ပျက်ဆီး ဆုံးရှုံးမှုတွေကို လက်တွေ့သိရှိနိုင်ဖို့အတွက် အခုလို လယ်တွေ နစ်မြုပ်ချိန်မှာ တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးစေလိုလို့လည်း ဦးဝင်းမြင့်က ပြောဆိုပါတယ်။ သပြေလှကျေးရွာမှာတော့ မိုးစပါးစိုက်ပျိုးတဲ့ လယ်မြေအားလုံး ဆုံးရှုံးတာဖြစ်ပြီး အစေ့ထုတ်ပြောင်း ကတော့ ခူးဆွတ်တာ စောတဲ့အတွက် ထိခိုက်ဆုံးရှုံးမှု နည်းပေမယ့် ပဲတီစိမ်းက ရိပ်သိမ်းခါနီး ဖြစ်လို့ ဆုံးရှုံး တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ် ။
Ref ; One News Myanmar

0 comments:

Post a Comment