Friday, July 24, 2020

မြန်မာအပေါ် စီးပွားရေးကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်တောင်းဆိုချက်အားနိုင်ငံခြားရေးဝန်ကြီးဌာန ခေါ်ယူကန့်ကွက်

မြန်မာအပေါ် စီးပွားရေးကန့်သတ်ပိတ်ဆို့မှုများပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်တောင်းဆိုချက်အားနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ခေါ်ယူကန့်ကွက်လိုက်ကြောင်းသိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhuryကို နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနတွင် ခေါ်ယူကန့်ကွက်လိုက်ခြင်းဖြစ်သည်။
အမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ စီးပွားရေး ကန့်သတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပန်ကြားခဲ့ကြောင်း ထည့်သွင်းဖော်ပြချက် အပေါ်စိတ်ပျက်မိကြောင်း၊ နှစ်နိုင်ငံ အရေးကိစ္စများကို ဖြေရှင်းရေးတွင် အထောက်အကူ မပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်၏ မလိုမုန်းထား လုပ်ရပ်များကို ကန့်ကွက်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းခြင်းဖြင့်သာ နေရပ်စွန့်ခွာသူများအရေး ပြဿနာကို ဖြေရှင်းရာတွင် ရေရှည်အဖြေကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် နေရပ်စွန့်ခွာ သူများအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြားရရှိခဲ့သည့် သဘောတူညီချက်များ နှင့်အညီ ဖြေရှင်းသွားရန် အဆင်သင့်ရှိကြောင်းနှင့် နှစ်ဖက်စလုံးမှလည်း အဆိုပါ တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းပါပြောကြားခဲ့သေးသည်။
Ref ; ကိုမင်း/Myanmar Harp Media

0 comments:

Post a Comment