Monday, July 13, 2020

တောင်ကြီး အောင်သပြေတိုးဂိတ်အား ဒေသခံမော်တော်ယာဉ်များ ရပ်တန့် ကန့်ကွက်

တောင်ကြီး-ရွှေညောင် ကားလမ်းပေါ်က တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီပိုင် အောင်သပြေ တိုးဂိတ်မှာ ဇူလိုင်လ(၁၀)ရက်က ဒေသခံယာဉ်တွေအပေါ်လမ်းအသုံးပြုခ ကောက်ခံတာကြောင့် မော်တော်ယာဉ်တွေကို ရပ်တန့်ထားပြီး ကန့်ကွက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(၂၀၁၃) ခုနှစ် ဒေသခံတွေနဲ့ ကုမ္ပဏီအကြားသဘောတူထားတဲ့ အချက်တွေထဲမှာ ဒေသခံ ယာဉ်တွေကို နှစ်(၄၀) အခမဲ့ ဖြတ်သန်းသွားလာခွင့် ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲလို အခမဲ့ ဖြတ်သန်းခွင့်ပြုထားပေမယ့် လက် ရှိ ဒေသခံမဟုတ်တဲ့ ယာဉ်တွေပါ အခမဲ့ ဖြတ်သန်းတာကြောင့် ကုမ္ပဏီက ဒေသခံတွေကိုပါ လမ်းအသုံးပြုခ စတင်ကောက်ခံဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေက တိုးဂိတ်နေရာ ရွေ့ဆောက်ဖို့ တောင်းဆိုခဲ့ဖူး သလို လက်ရှိ (၂၀၁၃)ခုနှစ်က သဘောတူချက်တွေကိုလည်း ကတိမတည်သလို ဖြစ်နေတယ်လို့ ရွှေညောင်မြို့ ဒေသခံ ကိုစည်သူ ပြောပါတယ်။
“ အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ပြီးမှ သဘောတူခဲ့တာပါ။ နောင် လူများလာရင် ဒီလို ပြဿနာတွေ ဖြစ်လာလိမ့်မယ်လို့ ပြောတယ်။ ပြီးတော့ ဂိတ်ကို မြို့လယ်မှာ ထားတော့ ဟိုနားဒီနားသွားလည်း ပေးနေရတာ။ တစ်ယောက်တည်းလည်း မဟုတ်ဘူး။ တောင်ကြီးမြို့နယ် မှာ(၁၁) အုပ်စုရှိတယ်။ ဒီဂိတ်က အနီးနားက အုပ်စုတွေ အတွက် ဝန်ထုတ်ဝန်ပိုးလို ဖြစ်နေတာ” လို့ ကိုစည်သူက ပြောပါတယ်။
အောင်သပြေတိုးဂိတ်ကို တောင်ကြီးမြို့နယ်နဲ့ ကလောမြို့နယ်အစပ်မှာ ထားရှိဖို့ အတွက် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံရုံးကို ဒေသခံ (၃၀၀၀)နီးပါးက လက်မှတ်ရေးထိုးတင်ပြခဲ့သလို ဆန္ဒထုတ်ဖော် တင်ပြဖို့ စီစဉ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် COVID-19 ကာလ ဖြစ်တာကြောင့် ဆန္ဒထုတ်ဖော်ဖို့ ရက်ကို ရွေ့ဆိုင်းဖို့နဲ့ လမ်းအသုံးပြုခ ကောက်ခံ တာကို ယာယီရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့လကုန်ရက်ပိုင်းမှာ သဘောတူ ထားခဲ့တာလို့ ရွှေညောင်မြို့ ဒေသခံ ဦးတင်ရွှေက ပြောပါတယ်။
“ လူစုလူဝေး ဖြစ်မှာစိုးလို့ ဆန္ဒထုတ်ဖော်တာကို ရပ်ဆိုင်းပေးပါ ဒီဘက်ကလည်း ငွေမကောက်ပါဘူးလို့ သဘောတူညီပြီး လက်မှတ်ထိုးခဲ့တယ်။ သဘာတူထားတာကိုလည်း ဖောက်ဖျက်တယ်၊ နိုင်ငံတော်က ကျန်းမာရေးက ထုတ်ပြန်ထားတဲ့ စည်းကမ်းကိုလည်း ဖောက်ဖျက်ပြီး လူစုလူဝေး ဖြစ်အောင် သူတို့လုပ်ခဲ့တာ။ ကိုယ်ဘာသာကို အလုပ်သွားတာ တားပြီးငွေတောင်းတယ်၊ အနှစ်(၄၀) သဘောတူညီချက်လည်းရှိတယ်။ “ လို့ ဦးတင်ရွှေက ပြောပါတယ်။
အဲဒီအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး လာရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံညှိနှိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေက တိုးဂိတ်နေရာပြောင်းရွေ့ပေးဖို့နဲ့ ဒေသခံယာဉ်တွေ အခမဲ့ဖြတ်သန်းခွင့်အတွက် ဝန်ကြီး ဦးခွန်ရဲထွေးကို အကြံပြုတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ BOTစနစ်နဲ့ လုပ်ကိုင်ခွင့်ရတဲ့လမ်းတွေဟာ ပြည်ထောင်စုအစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကုမ္ပဏီအကြား စာချုပ်နဲ့လုပ်ကိုင်တာဖြစ်လို့ လက်ရှိ ပြဿနာကို ပြည်နယ်အစိုးရအနေနဲ့ ဆုံးဖြတ်လို့မရတာကြောင့် ပြည်ထောင်စုအစိုးရဆီ အမြန်ဆုံးတင်ပြပေးသွားမယ်လို့ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးက ပြောပါတယ်။
“ ပြည်တောင်စုအစိုးရရဲ့ အမိန့်အတိုင်း ဆောင်လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားတာကိုကုမ္ပဏီက လိုက်နာဆောင်ရွက်ရတာဖြစ်ပါတယ်။ စာချုပ် ချုပ်ဆိုတာကလည်း ပြည်ထောင်စုလမ်းမကြီးများ ဥပဒေနဲ့ ချုပ်ဆိုထားတာပါ။ အဲ့ဒီအတွက်လည်း ကုမ္ပဏီကလည်း ဆုံးဖြတ်မရပါဘူး။ “ လို့ ဝန်ကြီး ဦးခွန်ရဲထွေးက ပြောပါတယ်။
ရွှေညောင်မြို့ က တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီရဲ့ တိုးဂိတ်ကို ဒေသခံတွေ က ပြီးခဲ့တဲ့ (၂၀၁၂) ခုနှစ်မှာ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်အတွက် လက်မှတ်ထိုးတင်ပြခဲ့တဲ့တာကြောင့် (၂၀၁၃)ခုနှစ် ၊ဇန်နဝါရီလ(၃)ရက်မှာ အချက်(၁၀)ချက်ပါတဲ့ သဘောတူညီချက်နဲ့ အနှစ်(၄၀)အခမဲ့ဖြတ်သန်းသွားလာခွင့်ကို ရရှိခဲ့တယ်လို့သိရပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment