Monday, July 27, 2020

သမ္မတဟောင်းဦးသိန်းစိန် ရွေးကောက်ပွဲဝင်မည်မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးပေးသွားမည်ဖြစ်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် သမ္မတဟောင်းဦးသိန်းစိန်အနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ Covid-19 အခြေအနေရယ်၊ အသက်အရွယ်အားဖြင့် ဂရုစိုက်ရမယ့်အရွယ်တွေရောက်လာပြီ။ ဒီတော့ သူသွားနိုင်သမျှနယ်မြေတွေတော့ သူသွားပြီးတော့ ကျွန်တော်တို့စည်းရုံးရေးကိစ္စတွေကို သူဆောင်ရွက်ပေးမယ်။ သူ့မှာရှိတဲ့ခွန်အားနဲ့အတူ သူဆောင်ရွက်မယ်။ ဒါကြောင့်မို့လို့ ဒီခွန်အားတွေရှိဖို့ဆိုတာ ပြည်သူ့မေတ္တာတွေ၊ ပြည်သူရဲ့ယုံကြည်မှုတွေလည်း လိုအပ်ပါတယ်။ ဒါကြောင့် သမ္မတကြီးဟောင်းဦးသိန်စိန် ကျန်းမာပါစေလို့ဆုတောင်းပါတယ်။ ဒါမှသာလျှင် တိုင်းပြည်အတွက် အမှန်တကယ် ဦးဆောင်ဦးရွက်ပြုနိုင်မယ့်အစိုးရကောင်း၊ ကိုယ်စားလှယ်လောင်းတွေ ပေါ်ထွန်းလာနိုင်ရေးကို ကျွန်တော်တို့ပါတီဘက်ကနေပြီးတော့ သူသည် နိုင်ငံ့အကျိုးကို ရှေးရှုပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဇူလိုင် ၂၆ ရက်တွင် မီဒီယာများသို့ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုများ ပြီးစီးသွားပြီဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင်တော်တော်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
၂၀၁၀ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဦးသိန်းစိန်ကဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် ပါတီဥက္ကဋ္ဌ တာဝန်မှအနားယူကာ ပါတီနာယက တာဝန်များကို ဆက်လက် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပါတီ ဝင်တစ်ဦးအဖြစ်သာ ရှိနေသည်ဟုသိရသည်။

0 comments:

Post a Comment