Monday, July 13, 2020

ဗန်းမော်မြို့နယ် မအူပင်ကျေးရွာတွင် ကန္တာရကျိုင်းကောင်အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကော်ဖီကျိုင်းကောင်များ စုပေါင်းသုတ်သင်ရှင်းလင်း

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ် မအူပင်ကျေးရွာ၌ ဇူလိုင် ၁၁ ရက်က စိုက်ပျိုးရေး အရာရှိများနှင့် ဝန်ထမ်းများ ဦးဆောင်ကာ ကန္တာရကျိုင်းကောင် ကြိုတင်ကာကွယ်ရေးနှင့် ကော်ဖီကျိုင်းကောင်စုပေါင်း သုတ်သင်ရေး ပြုလုပ်ခဲ့ကြောင်း ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။
"အခု ကျွန်မတို့ ဒီကျေးရွာမှာကျတဲ့ နှံကောင်က ဒေသမှာ ပေါက်ဖွားတဲ့ ကော်ဖီနှံကောင်ဖြစ်ပါတယ်။ အာဖရိက၊ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေမှာကျရောက်တဲ့ကန္တာရကျိုင်းကောင်ဆိုတာမဟုတ်ပါဘူး။ကော်ဖီနှံကောင်ဆိုတာ သီးနှံဖျက်ပိုး မဟုတ်ပေမယ့် အစုလိုက်အပြုံလိုက်ပေါက်ဖွားတာဖြစ်လို့ ဆေးမသုံးဘဲ တောင်သူတွေ စုပေါင်းကောက်ယူပြီး သုတ်သင်ဖယ်ရှားတဲ့နည်းကို လက်တွေ့လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။"ဟု ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ဝေဝေက ပြောသည်။
အဆိုပါ ကော်ဖီနှံကောင်သည် မြေပဲနှုတ်သိမ်းချိန် ကဆုန်လတွင် မြေပဲရွက်များ၌ စတင်တွေ့ရှိရပြီး မြေပဲရွက်များကို ကိုက်ဖြတ်စားသုံးခြင်း မရှိသော်လည်း အကောင်ပေါက်ဖွားမှုနှုန်း မြန်ဆန်များပြားသောကြောင့် ကျေးရွာတာဝန်ရှိသူများက သက်ဆိုင်ရာ စိုက်ပျိုးရေးတာဝန်ရှိသူများထံ သတင်းပေးပို့ခဲ့ရာမှ ကချင်ပြည် နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးက တာဝန်ရှိသူများပါ ပူးပေါင်းကွင်းဆင်းကာ ပညာပေးနှင့် သီးနှံကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မအူပင်ကျေးရွာရှိ ကွင်းအမှတ် (၁၅၅) အရှေ့ကွင်း၊ စီငင်းဘုရားကုန်းပေါ်တွင် ပြုလုပ်ခဲ့သည့် သီးနှံ ကာကွယ်ရေးတွင် တက်ရောက်သူ တောင်သူ ၁၄၀ မှ စုပေါင်း၍ ကော်ဖီနှံကောင် ၄၀၀၀ ကျော်ကို လက်ဖြင့်ဖမ်း၍ သုတ်သင်ဖျက်ဆီးနိုင်ခဲ့ကြောင်း ပါဝင်သူများထံမှ သိရသည်။
Ref ; Myitmakha News Agency

0 comments:

Post a Comment