Monday, July 20, 2020

ရခိုင်အမတ် ဒေါ်ထုမေ တစ်သီးပုဂ္ဂလအဖြစ် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာ ဝင်ပြိုင်မည်ဖြစ်

ရခိုင်အမျိုးသားပါတီ ANP မှ နုတ်ထွက်ခွင့်မရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ၌ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ဒေါ်ထုမေသည် မူလက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ALD ပါတီဝင်ဖြစ်ပြီး ALD နှင့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီတို့ ၂၁၀၄ ခုနှစ်တွင် ပူးပေါင်း၍ ရခိုင်အမျိုးသားပါတီANP အဖြစ်ပြောင်းလဲခဲ့ရာ ၂၀၁၅ ရွေးကောက်ပွဲတွင် ANP ပါတီမှဝင်ရောက်ယှဉ်ပြိုင်ကာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၁ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ALD နှင့်ရခိုင်အမျိုးသားပါတီ ANP တို့ သီးခြားစီပြန်လည်ရပ်တည်ရန် ဆုံးဖြတ်ခဲ့ရာ ဒေါ်ထုမေက မိခင်ပါတီ ALD မှရပ်တည်ရန် ANP ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်တောင်းခံခဲ့သည်။
ထိုသို့ ဒေါ်ထုမေက နုတ်ထွက်ခွင့်တောင်းရာ ANP ပါတီက နုတ်ထွက်ခွင့်မပေးသဖြင့် မိခင်ပါတီ ALD သို့လည်း တရားဝင် ဝင်ရောင်ခွင့်မရသဖြင့် တစ်သီးပုဂ္ဂလအဖြစ်ရွေးချယ်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း ၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးခဲ့သည်။
"ဤသို့အကျပ်အတည်းများကြောင့် မိမိမှာ မည်သည့်ပါတီကိုယ်စားလှယ်အဖြစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်းကို မိဘပြည်သူများ သိရှိပြီး ဖြစ်မည်ဟုထင်ပါသည်။ မိမိအနေဖြင့် ရခိုင်ပြည်သူအကျိုးကို ဆက်လက်သယ်ပိုးထမ်းဆောင်လိုသော နိုင်ငံရေးခံယူချက် ရှိသောကြောင့် လည်းကောင်း၊ နိုင်ငံရေးအဆက်မပြတ်ရအောင်လည်းကောင်း လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး (တစ်သီးပုဂ္ဂလ)အဖြစ် ဝင်ရောက်အရွေးချယ်ခံမည်ဟု ဆုံးဖြတ်လိုက်ပါသည်" ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားအသိပေးထားသည်။
ဒေါ်ထုမေအနေဖြင့် လွှတ်တော်တွင်တာဝန်ထမ်းဆောင်စဉ် ငါးနှစ်တာကာလအတွင်း ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူများအကျိုး၊ ဖွဲ့စည်းပုံအရေးနှင့် ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှုကြောင့် လူမှုဘဝနစ်နာမှုများကို ပြတ်ပြတ်သားသားထောက်ပြခဲ့သူဖြစ်သည်။
လက်ရှိလွှတ်တော်သက်တမ်းကာလအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအနက် အဆိုအများဆုံးတင်သွင်းသူများတွင် ဒေါ်ထုမေပါဝင်ပြီး အဆို ၃ ခုတင်သွင်းခဲ့ကြောင်း အမျိုးသားလွှတ်တော် ပွင့်လင်းမြန်မာ့ရှေ့ဆောင်သုတေသနအဖွဲ့(Open Myanmar Initiative-OMI)က မှတ်တမ်းတင်ထားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ တွင် ပုဂ္ဂိုလ်တစ်ဦးသည် ပါတီတစ်ခုတည်းတွင်သာ ဆောင်ရွက်ခွင့်ရှိပြီး ပါတီတစ်ခုမှ နုတ်ထွက်ခွင့်မရဘဲ အခြားနိုင်ငံရေးပါတီကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပေးထားသော်လည်း ပါတီမှ နုတ်ထွက်ခွင့်မရသည့်အခြေအနေတွင် ရွေးကောက်တင်မြှောက်ခွင့် မဆုံးရှုံးရန် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးထားသည်။
Crd : Myanmar Times

0 comments:

Post a Comment