Wednesday, July 15, 2020

ဟောင်ကောင်အပေါ် အရေးယူပိတ်ဆို့မှုများနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအား လက်တုံ့ပြန်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံမှ ပြောကြား

ဟောင်ကောင်တွင် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းမှုနှင့် ပတ်သက်၍ ဘဏ်များအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်နိုင်မည့် ဥပဒေတစ်ရပ်အား အမေရိကန်သမ္မတဒေါ်နယ်ထရန့်မှ လက်မှတ်ရေးထိုးခဲ့ပြီးနောက် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံအား လက်တုံ့ပြန်မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က ပြောကြား ခဲ့ပါသည်။
Hong Kong Autonomy Act သည် ဟောင်ကောင်တွင် တရုတ်နိုင်ငံမှ ပြဋ္ဌာန်း ထားသည့် အမျိုးသားလုံခြုံရေးဥပဒေကို ထိပါးစော်ကားလျက်ရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ တရားဝင်အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် လိုအပ်သောတုံ့ပြန်မှုများ ပြုလုပ်မည်ဖြစ်ပြီး အမေရိကန်အမှုထမ်းများနှင့် အဖွဲ့အစည်း များအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ နောက်ဆုံး လုပ်ဆောင်မှုအား ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းနှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နေခြင်းကို ရပ်တန့်ရန် အမေရိကန် နိုင်ငံအား သတိပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံဌာနမှ ဖော်ပြခဲ့ပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ “ ဟောင်ကောင်အရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး ပြည်ပနိုင်ငံတစ်ခုမှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိကြောင်း” ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေ သစ်အား အကောင်အထည်ဖော်နေသော တရုတ်အရာရှိများနှင့် စီးပွားရေးလုပ်ကိုင်နေ သည့် ဘဏ်များအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်မည့် ဥပဒေတစ်ရပ်အား ဇူလိုင်လ ၁၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါသည်။
ထို့ပြင် “အထူးအခွင့်အရေးများ၊ စီးပွားရေးဆက်ဆံမှုများနှင့် နည်းပညာဆိုင်ရာ တင်ပို့မှုများလည်း ရှိမည်မဟုတ်ကြောင်း” ၎င်းမှ ပြောကြားခဲ့ပါသည်။
ဟောင်ကောင်၌ အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် တစ်နှစ်အကြာ တွင် အမျိုးသားလုံခြုံရေးဥပဒေသည် တည်ငြိမ်အေးချမ်းမှုရရှိစေမည်ဖြစ်ကြောင်း ဥပဒေ ထောက်ခံသူများမှ ပြောကြားလျက်ရှိသော် လည်း ဝေဖန်သူများမှ ၎င်းဥပဒေသည် ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်အား တရုတ်သို့လွှဲပြောင်းပေးခဲ့စဉ်က ကတိပြုခဲ့သည့် လွတ်လပ်ခွင့်များအား ထိခိုက်ပျက်စီးစေမည်ကို စိုးရိမ်ပူပန်လျက်ရှိပါသည်။
အမျိုးသားလုံခြုံရေးဥပဒေသည် ဖျက်ဆီးခြင်း၊ ခွဲထွက်ခြင်း၊ အကြမ်းဖက်ခြင်း၊ ပြည်ပအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် ထောင်ဒဏ်တစ်သက် တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း တရုတ်နိုင်ငံမှ ပြောကြားခဲ့ပါသည်။
Source - CNA #Myanmar_Online_News

0 comments:

Post a Comment